Wednesday, July 13, 2011

ထိုင်းအလုပ်ရုံတွင် မြန်မာ ၄ဝဝ ခန့် ဆန္ဒပြမှု ဖြစ်ပွားပြန်

ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၁ ခုနှစ်


ချင်းမိုင် (မဇ္ဈိမ) ။      ။ အခြားအလုပ်ရုံများနည်းတူ လုပ်ခတိုးမရသဖြင့် ထိုင်း-မြန်မာနယ်စပ် ကန်ချနပူရီခရိုင်
 စေတီစမ်အွန်းမြို့ရှိ WATANA Footwear Co., Ltd. ဖိနပ်ချုပ် အလုပ်ရုံမှ မြန်မာလုပ်သား ၄ဝဝ ခန့်သို့ ဆန္ဒပြမှု ကူးစက်ကာ တနင်္ဂနွေနေ့မှစ၍ ၄ ရက်တိုင် အလုပ်မဆင်းဘဲနေကြသည်။

တပတ်လုံး နားရက်မရှိသော အလုပ်ရုံတွင် တနေ့လုပ်ခ ၁၅ ဘတ် တိုးပေးရန်၊ တရက်အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးရန်နှင့် သောက်သုံးရေသန့်များ ရရှိရန် အလုပ်ရှင်ထံ အလုပ်မဆင်းဘဲ တောင်းဆိုဆန္ဒပြနေခြင်း
 ဖြစ်သည်။

၎င်းတို့မှာ တရက်လုပ်ခ ၆၅ ဘတ်မှ ၁၄ဝ အထိ ရရှိကြပြီး၊ တရက် ၉ နာရီ အလုပ်ဆင်းရကာ ဘုရားသုံးဆူဒေသရှိ ထုံးဓာတ်လွန်ကဲသော တွင်းရေကိုသာ ကြိုချက်သောက်သုံးရသည်ဟု အလုပ်သမားဘက်က ဆိုသည်။

ဇွန်လ ၁၁ ရက်၊ တနင်္လာမွန်းလွဲပိုင်းတွင် အလုပ်ရှင်၊ မန်နေဂျာများနှင့် အလုပ်သမား ခေါင်းဆောင်များက အလုပ်ရုံတွင် ညှိနှိုင်းခဲ့ကြပြီး အလုပ်ရှင်ဘက်မှ တရက်လုပ်ခ ၈ဝ ဘတ်အောက် ရရှိသည့် အလုပ်သမားများကို ၈ဝ ဘတ် သတ်မှတ်ပေးကာ အလုပ်သမားခေါင်းဆောင်များကို ၂ဝ ဘတ် တိုးပေးမည်ဟု ပြောသော်လည်း အလုပ်သမား
 ခေါင်းဆောင်များက လက်မခံခဲ့ပေ။

“ကျနော်တို့သက်သက်ကို တိုးပေးတာ ကျနော်တို့ လက်မခံဘူး၊ အလုပ်သမားအားလုံး တပြေးညီ ၁၅ ဘတ် တိုးပေးတာကိုပဲ ကျနော်တို့ လိုချင်တယ်” ဟု ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် တဦးဖြစ်သူ ကိုချမ်းအေးက မဇ္ဈိမကို ပြောသည်။

ညှိနှိုင်းမှု မပြေလည်သည့် အပြင် အလုပ်ရှင်က အလုပ်သမားများကို အကျပ်ကိုင်ခဲ့သေးသည်ဟု နောက်ထပ် အလုပ်သမားခေါင်းဆောင် ကိုဝင်းက ပြောသည်။

“ သူတို့က ၃ ရက်အတွင်း အလုပ်ဆင်းရင် ဆင်း၊ ၃ ရက်လွန်လို့မှ အလုပ်မဆင်းရင် အလုပ်သမား ခေါင်းဆောင်တွေပါ မကျန် တရက်လုပ်ခ ၈ဝ က အားလုံး ပြန်စရမယ်လို့ ကျနော်တို့ကို ပြောလွှတ်လိုက်သေးတယ်” ဟု သူက ဆိုသည်။

အလုပ်သမားဘက်ကလည်း ၃ ရက်အတွင်း လုပ်ခ တိုးမပေးပါက အလုပ်ရုံတိုင်းတွင် စာကပ်ကာ ဆက်လက် ဆန္ဒပြမည်ဟု ဆိုထားကြသည်။

ထိုင်းဘက်ကမ်း စေတီစမ်အွန်းရှိ အလုပ်ရုံများတွင် အလုပ်လုပ်နေသူများမှာ မြန်မာနိုင်ငံသားများသာ ဖြစ်ကြပြီး
 နေ့စဉ် မြန်မာဘက်ခြမ်း ဘုရားသုံးဆူမှ ထိုင်းဘက်ခြမ်းသို့ ကူးကာ အလုပ်လုပ်ကြသည်။

အလုပ်သမားတဦးက “ကျနော်တို့ အမြဲတမ်း အနှိမ်ခံနေရတယ်။ ဘုရားသုံးဆူဘက်မှာ အလုပ်သမားတွေအတွက် မားမားမတ်မတ် ရပ်တည်ပေးမယ့် အဖွဲ့တဖွဲ့လောက် ရှိစေချင်တယ်” ဟု ပြောသည်။

စေတီစမ်အွန်းခေါ် ဘုရားသုံးဆူမြို့တွင် ဖိနပ်ချုပ်အလုပ်ရုံ ၄ ရုံ ရှိပြီး၊ မြန်မာလုပ်သား ၂၀၀၀ ကျော် လုပ်ကိုင်နေသည်။ တမြို့လုံးတွင် ဖိနပ်ချုပ်၊ အထည်ချုပ်နှင့် အခြားစက်ရုံများ၌ အလုပ်လုပ်သည့် မြန်မာ ၅ဝဝဝ ကျော် ရှိပြီး၊ အလုပ်ရုံပေါင်း ၄ဝ ကျော် ရှိသည်။

ဇူလိုင်လ ၇ ရက်နေ့တွင် လုပ်ခတိုးပေးရန် PTK Basani ဖိနပ်ချုပ် အလုပ်ရုံမှ အလုပ်သမားများ ၄ဝဝ ကျော် ဆန္ဒပြပြီးနောက် ၈ ရက်နေ့ ညှိနှိုင်းမှုအရ တရက် ၁၅ ဘတ် တိုးပေးခဲ့သည်။

စေတီစမ်အွန်းသည် မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် ကပ်လျက်ရှိကာ၊ ထိုင်းဘက်ခြမ်း ဘုရားသုံးဆူအဖြစ် မြန်မာများက အလွယ်ခေါ်ကြသည်။

Monday, July 4, 2011

ခိုင်မြဲတည်တံ့သောအစိုးရ (စောဘဦးကြီးရေးသည်)

Monday, July 4, 2011



တိုင်းပြည်မရှိသော  လူတစ်မျိုးသည်  လူမျိုးကြီးတစ်မျိုး(Nation)ဟုကမ္ဘ္ဘာအသိအမှတ်ပြုလိမ့်မည်
မဟုတ်ခြေ။အကြောင်းမှုကား၎င်းလူမျိုးသည်  ကိုယ့်မင်းကိုယ့်ချင်းနဲ့နေနိုင်ခွင့်မရဘဲတပါးလူမျိုး၏
လက်အောက်၌သာနေ ထိုင်ကြရခြင်းကြောင့်ဖြစ်ပေသည်။   ပင်ကိုတိုင်းပြည်ရှိနှင့်သောလူတစ်မျိုး
သည်ကိုယ့်မင်းကိုယ့်ချင်းနှင့်မနေရသော်    မိမိတို့၏ ညံ့ဖျင်းမှုကြောင့် သာလျှင်ဖြစ်ပြီး နိုင်ငံရပ်ခြား
တိုင်းတစ်ပါးသားများ၏    လက်အောက်ခံအဖြစ်ဖြင့်သာအောက်ကျနောက်ကျ   ရှိကြရလေသည်။
သို့ရာတွင်ကိုယ့်တိုင်းကိုယ့်ပြည်ကိုယ့်မင်းကိုယ့်ချင်းနှင့်ရှိသောလူမျိုးတို့သည်ကား သူတပါး၏လက်
အောက်ခံသို့မရောက်စေရန်ခိုင်မြဲတည်တံ့သောအစိုးရကိုရရန်အတွက်အင်တိုက်အားတိုက်လုံးပန်း
ကြရမည်ပင်ဖြစ်သည်။အောက်ပါအချက်ကြီး(၃)ချက်နှင့်ပြည့်စုံသောအစိုးရသည် ကာလကြာမြင့်စွာ
တည်တံ့နိုင်မည်ဖြစ်ပေသည်။

 
( ၁ )    လူထူမေတ္တာ
( ၂ )    လူထု၏ကြည်ညိုခြင်း 

( ၃ )    လုံခြုံမှုတွက်စိတ်ချရခြင်း 


                        

                        (၁) လူထုမေတ္တာ
             

အစိုးရတိုင်း၌ ပထမလိုအပ်သော  တာဝန်ဝတ္တရားသည်ကား   တိုင်းပြည်အတွင်းငြိမ်ဝပ်  ပိပြားရေး
ရရှိအောင်စောင့်ရှောက်ထိန်းသိမ်းရေးပင်ဖြစ်သည်     တိုင်းပြည်အတွင်းငြိမ်ဝပ်ပိပြား ရေး ရရှိသည်
နှင့်အမျှတိုင်းရင်းသားများ၏ အသက်နှင့်စည်းစိမ်လုံခြုံမှုတို့ကို  ရရှိနိုင်မည်ဖြစ်၍  တိုင်းရင်းသားများ
၏သက်သာချောင်ချိရေးသည် ပေါက်ဖွါးလာကာ အစိုးရအပေါ်၌ ကြည်ညိုအားထားလေးစားသော
မေတ္တာစိတ်များသည်    အလိုအလျှောက်ဖြစ်ပေါ်လာမည်ဖြစ်ပေ သည်။လူထု၏မေတ္တာအစစ်အမှန်
ကို  တကယ်တမ်းရရှိသော အစိုးရသည်    မိမိတို့၏  စီမံအုပ်ချုပ်မှု၌ အခက်အခဲဟူသ၍ တို့ကိုလွယ်
ကူစွာအောင်မည်နိုင်မည်ဖြစ်သဖြင့်အုပ်ချုပ်ရေးတည်တံ့မှုကိုရရှိနိုင်မည်ဖြစ်ပေသည်။သို့ဖြစ်၍တည်
တံ့ခိုင်မြဲလိုသောအစိုးရတိုင်းတိုင်ပြည်၏လူထုမေတ္တာကိုရယူသင့်ကြပေသည်။            


       

                         (၂ ) လုထု၏ကြည်ညိုခြင်း 



အစိုးရ၏အုပ်ချုပ်မှုတည်တံ့ရေးတွင်အကျုံးဝင်လျှက်ရှိသော အရင်းခံဝတ္တရားကြီးတစ်ခုသည်ကား
တိုင်းပြည်၏ကိုယ်စားလှယ်အစစ်အမှန်များကို   တရားသောနည်းအတိုင်းရွေးကောက်တင်မြှောက်
၍   အဆိုပါကိုယ်စားလှယ်များက ရေးဆွဲသောဥပဒေများကို  တိုင်းရင်းသားအားလုံးစည်းကမ်းသေ
ဝပ်စွာ ညီညီညာညာလိုက်နာကြခြင်းပင်ဖြစ်၏။အစိုးရသည်တိုင်းပြည်၏စည်းကမ်းဥပဒေအရတရား
သဖြင့်အုပ်စိုးနိုင်မှသာလျှင် လူထုကြည်ညိုခြင်းကိုခံရလိမ့်မည်ဖြစ်၏။ လူထု၏ကြည်ညိုခြင်းကိုရရှိမှ
သာလျှင် အုပ်ချုပ်ရေးတည်တံ့ခိုင်မြဲနိုင်မည်ဖြစ်ပေသည်။  မျက်နှာကြီးငယ်လိုက်ခြင်း၊အဂတိတရား
လိုက်စားခြင်း၊လာဘ်ပေးလာဘ်ယူမှုများကိုလက်သင့်ခံခြင်းစသည်တို့ဖြင့်မကင်းသောအစိုးရသည်
လူထု၏အကြည်ညိုကိုအခိုက်အတန့်မျှသာရယူနိုင်မည်ဖြစ်သဖြင့်လူထု၏ထောက်ခံမှုကိုကြာမြင့်စွာ
မရနိုင်ဘဲအုပ်ချုပ်ရေးတည်တံ့မှုကိုပျက်ပြားစေရန်အကြောင်းတစ်ရပ်ဖြစ်ပေသည်။ 
                  
                   (၃) လုံခြုံမှုအတွက်စိတ်ချရခြင်း                        
 
တိုင်းသူပြည်သားအားလုံးတို့၏လုံခြုံစွာနေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရသည်စီမံပေးနိုင်
ရမည်ဖြစ်၏။ ပြည်တွင်း၏ဆူးညှောင့်ခလုတ်များဖြစ်ကြသော  ခိုးသား။ဓါးပြနှင့်သောင်းကျန်းသူများ
ကိုနှိမ်နှင်းနိုင်ရမည်အပြင် ပြည်ပဖြစ်သောတိုင်းတစ်ပါးသားတို့၏ဘေးရန်ကိုလည်း ကာကွယ်ပေးနိုင်
စွမ်းရှိရမည်ဖြစ်ပေသည်။  တိုင်းပြည်အတွင်းလုံခြုံမှုအတွက်  စိတ်ချလက်ချ မနေကြရလျှင်တိုင်းရင်း
သားများသည် မိမိတို့၏အစိုးရအပေါ်တွင်အယုံအကြပျက်ပြားကာ   အုပ်ချုပ်မှုတည်တံ့ရေးကို ချက်
ချင်းထိခိုက်နိုင်စရာအကြောင်းရှိပေသည် ဖေါ်ပြပါအချက်သုံးချက်နှင့်ပြည့်စုံသောအစိုးရတိုင်းသည်
မိမိတို့၏အုပ်ချုပ်ရေးနှင့်ပတ်သက်၍တိုင်းရင်းသားများ၏   ယုံကြည်အားထားမှု၊ကြည်ညိုလေးစားမှု၊
စိတ်သက်သာမှုစသည်တို့ကို တကယ်တမ်းရရှိနိုင်မည်ဖြစ်ရာ တိုင်းရင်းသားအားလုံးကြီပွါးတိုးတက်မှု
သက်မှုသက်သာချောင်ချမှုတို့ကြောင့် စည်ပင်ဝပြောသောတိုင်းပြည်အဖြစ်သို့အသွင်ပြောင်းနိုင်မည်
ဖြစ်သည့်အတိုင်း တည်တံ့ခိုင်မြဲသောအစိုးရအဖြစ်ဖြင့် တည်မြဲနိုင်မည်ဖြစ်သောကြောင့် ကမ္ဘာတခွင်၌
တိုင်းပြည်အသီးသီးရှိအစိုးရအဖွဲ့တိုင်းသည် တည်တံ့ခိုင်မြဲသောအစိုးရဖြစ်လိုသော ဖေါ်ပြပါအချက်
ကြီး(၃) ချက်ကိုလက်မလွတ်သင့်ကြောင်း ရေးသားရပေသတည်း။       

http://thuraytphaung.blogspot.com/2011/07/nation_04.html မှ ကူးယူဖေါ်ပြအပ်ပါသည်။

Wednesday, June 29, 2011

မြို့ကြီးသုံးမြို့ ဗုံးဖောက်ခွဲသူ ၃ ဦး ရဲက ရှာဖွေလျက်ရှိ

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၁ ခုနှစ်

  
မဇ္ဈိမသတင်းဌာန ။      ။ နေပြည်တော်အပါအဝင် မြို့ကြီးသုံးမြို့တွင် တပြိုင်တည်း
ဗုံးဖောက်ခွဲမှုပြုသည်ဆိုသော သံသယဖြင့် အသက် ၂၅ နှစ်အရွယ် အမျိုးသား ၃ ဦးကို လိုက်လံရှာဖွေလျက်ရှိကြောင်း အစိုးရက ထုတ်ပြန်သည်။

မန္တလေးတွင် ကားဗုံးဖောက်ခွဲပြီး နေပြည်တော်နှင့် ပြင်ဦးလွင်မြို့များတွင် လူသူမရှိသော အိမ်များအတွင်း ဗုံးဖောက်ခွဲမှုကို ဇွန်လ ၂၄ ရက်နေ့က တပြိုင်တည်း ကျူးလွန်သူများမှာ စိုင်းဆမ်၊ စိုင်းအိုက်နှင့်

စိုင်းကျော်မြင့်ဦးတို့ ဖြစ်သည်ဆိုသော စွပ်စွဲချက်ကို နိုင်ငံပိုင်သတင်းစာများ၌ ဗုဒ္ဓဟူးနေ့တွင် ပါရှိသည်။

မန္တလေးတွင် ပေါက်ကွဲခဲ့သည့် လိုင်စင်မဲ့ကား (၃ခ/၁၉ဝ၄) ကို
စိုင်းဆမ် အသက် ၂၅နှစ်၊ အရပ် ၅ပေ ၅ လက်မ၊ အသားဖြူ၊ ဝဲမျက်စိဘေး တွင် အမာရွတ်တခုရှိ
စိုင်းအိုက် အသက် ၂၅နှစ်၊ အရပ် ၅ပေ ၃ လက်မ၊ ဆံပင် ဘိုကေ၊ အသားဖြူ၊ ပါးတွင် တင်းတိပ်များ ရှိ
စိုင်းကျော်မြင့်ဦး အသက် ၂၅နှစ်၊ အရပ် ၅ပေ ၄ လက်မ၊ ဆံပင် ကုပ်ထောက်၊ နဖူးကျယ်၊ နှာတံပေါ်၊ အသားလတ်၊ စကားဝဲ
ကားပွဲစား ဟာရှင်နှင့် ကျော်ကျော်ထက်ထံမှ စွပ်စွဲခံရသူများက ၃ ဦးက ဝယ်ယူခဲ့ကြောင်း ကားပွဲစားများက အတည်ပြု ထွက်ဆိုခဲ့သည်ဟု သတင်းစာတွင် ပါရှိသည်။

ထို့အပြင် စိုင်းဆမ်နှင့် စိုင်းအိုက်တို့ နှစ်ဦးက နေပြည်တော်နှင့်
 ပြင်ဦးလွင်တွင် အိမ်နှစ်လုံးကို ကြိုတင်ငှားရမ်းခဲ့ကြောင်း အိမ်ရှင်များ၏ ထွက်ဆိုချက်ကို ကိုးကားဖော်ပြထားသည်။

ပေါက်ကွဲမှုဖြစ်သော နေပြည်တော်မှ နေအိမ်ကို ဧပြီ ၂၄ ရက်နေ့ကတည်းက တလလျှင် ကျပ် ၆ သိန်း ၅ သောင်းနှုန်းဖြင့်
 ၆ လစာပေး၍ ငှားရမ်းထားခဲ့ပြီး ပြင်ဦးလွင်နေအိမ်ကို မေ ၅ ရက်မှစ၍ တလလျှင် ကျပ် ၁ သိန်း ၄ သောင်းနှုန်းဖြင့် ၆ လစာပေး၍ ငှားရမ်းခဲ့ကြောင်း ရေးသားထားသည်။

မြို့နယ် ၃ ခုအတွင်း ဗုံးပေါက်ကွဲမှုကြောင့် နေအိမ်နှစ်လုံးနှင့် မော်တော်ယာဉ်တစီး ပျက်စီးခဲ့ကာ၊ လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Tuesday, June 28, 2011

အမြင့်ပျံငှက်များ အပိုင်း (၂)

စတက်နေ

ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်ရောက်ဘို့ရန် အနာဂါတ်ကရင်လူငယ်များ စည်းလုံးပြီး အရည် အချင်းပြည့်ဝရန်လိုအပ်ပါသည်။ ကရင့်တော်လှန်ရေးတလျှောက် အုပ်စိုးသူအဆက်အဆက်တို့၏ က ရင့်အမျိုးသားများအတွင်းထဲထဲဝင်ဝင် သပ်သျှိုသွေးခွဲမှုတို့ကြောင့် ဖြစ်ပေါ်လာရသော ကွဲအက်မှုများ၊ ဆုံးရှုံးလိုက်ရသော အင်အားများကို ပြန်လည်စုစည်းရန်နှင့် ရည်မှန်းချက်ပန်းတိုင်ရောက်ဘို့ရန် ယနေ့ ကရင်လူငယ်တို့၏ ပခုံးပေါ်သို့ ကျရောက်နေပြီဖြစ်ပါသည်။


ကရင်အမျိုးသားများအတွင်းနှင့် ကရင့်တော်လှန်ရေးအတွင်းရှိ ပုဂ္ဂိုလ်များသည် တဦးနှင့် တဦး 
 အ တွေးအမြင်မတူညီနိုင်သော်လည်း ကရင့်အမျိုးသားလွတ်မြောက်ရေးဟူသော ပန်းတိုင်တိုင်မှာ အတူ တူပင် ဖြစ်ပါသည်။ ကရင်အမျိုးသားများတို့သည် ပဒေသရာဇ်ခေတ်မှ ယခုအချိန်အထိ အဖိနှိပ်ခံရဆဲ၊ အသတ်ဖြတ်ခံရဆဲ၊ ပစ္စည်းဥစ္စာတို့ကို အဓမ္မအသိမ်းခံရဆဲ၊ ပညာရေးနိမ့်ကျဆဲ အစရှိသဖြင့် အလွန် ပင် ၀မ်းနည်းကြေကွဲဘွယ်ရာများကို နေစဉ် မြင်ရ ကြားရမည်ဖြစ်ပါသည်။

ထိုသို့ဖြစ်ရသည်မှာ ကံကြောင့်မဟုတ်၊ ဘုရားသခင်အလိုတော်မကျ၍မဟုတ်၊ လူလူချင်းအနိုင်ကျင့် လိုသော အများစုမှ အနည်းစုကို အနိုင်ကျင့်လိုသော၊ ၀ါးမြိုလိုသော တိရစ္ဆာန်ကဲ့သို့ အသိစိတ်ရှိသူ တို့ ကြောင့် မျက်ရည်ကျရသည်။ သွေးမြေကျရသည်။ ဆင်းရဲတွင်းနက်ကြရသည်။ ပြေးလွှားကြရသည်။ ထိုအဖြစ်ဆိုးကိုကျော်လွှားနိုင်ရန် ကရင်အမျိုးသားတိုင်း မိမိကိုယ်ကို ဆန်းစစ်ကြရန်လိုအပ်နေပြီလည်း ဖြစ်သည်။

ယနေ့ကရင်လူငယ်များသည် ထိုသို့သော အဖြစ်ဆိုးတို့နှင့်လည်း ကိုယ်တိုင်သော်လည်းကောင်း၊ ဆွေ မျိုးမောင်နှမသော်လည်းကောင်း၊ သူငယ်ချင်းသော်လည်းကောင်း ကြုံတွေ့ခံစားကြရပါသည်။ ထိုသို့ခါး သီးသော ဘ၀ဖြစ်ရပ်များကြောင့် စိတ်ဓါတ်ရေးရာကို အမြင့်ဆုံးထားရှိ၍ ရန်သူကို ခါးခါးသီးသီး နာကျည်းမုန်းတီးပြီး မိမိတို့၏ အမျိုးသားများကို ကယ်တင်လိုသော၊ မိဘကျေးဇူးကို ဆပ်လိုသော၊ လူပီသလိုသော စိတ်ဓါတ်တို့ အရင်းခံကာ ထိုခွေးတိရစ္ဆာန်တို့ကို တက်ညီလက်ညီ ဖယ်ရှား သုတ်သင် ကြရမည်ဖြစ်ပါသည်။ 

လူငယ်သည်စွမ်းအားကြီး၏၊ ဖြတ်လတ်၏။ အရာရာကို လုပ်ဆောင်နိုင်၏။ ၎င်းတို့မလုပ်ဆောင်နိုင် သော အရာဟူ၍ကား မရှိ။ အရေးကြီးသည်မှာ စိတ်ဓါတ်မြင့်မားရေးပင်ဖြစ်သည်။ အမြင့်ပျံငှက်များ ဖြစ်ကြရန် အထူးအရေးကြီးကြောင်း နှိုးဆော်အပ်ပါသည်။




Sunday, June 26, 2011

မြဝတီ ကော့ကရိတ် လမ်းမြေပြို၊ ကား ၄၀၀ ခန့် သောင်တင်

Sunday, June 26, 2011


မြ၀တီ ကော့ကရိတ် တရက်ခြားကားတန်း (ဓာတ်ပုံ - ဧရာဝတီ)


မြ၀တီ ဒေါနတောင်ကျော် ကားလမ်းမှာ ဇွန်လ ၂၄ ရက်နေ့ကစပြီး မိုးသည်းထန်စွာ အဆက်မပြတ်ရွာ သွန်းနေတာကြောင့် မြေပြိုမှုများ ဖြစ်ပွားပါတယ်။ ဒါကြောင့် မနေ့က မြ၀တီမြို့ကနေ ထွက်ခွာမယ့် မော်တော်ယာဉ်အစီးရေ ၄၀၀ လောက် သောင်တင်နေပါတယ်။

မြ၀တီကနေ ကော့ကရိတ်ကို သွားတဲ့လမ်းပိုင်းရှိ အလယ်ဘိုတဲနှင့် နှစ်ထပ်ကွေ့နေရာ အပါအ၀င် နေရာ ၄ နေရာမှာ မြေပြိုမှုဖြစ်ပွားတဲ့အတွက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ရပ်တန့်သွားခဲ့တယ်လို့ မြန်မာကုန်သည်တဦးက ပြောပါတယ်။

၎င်းက “ဒီနေ့ကားတန်းအဆင်းရက်၊ တနေ့ကစပြီးမိုးက အခုချိန်ထိရွာနေတုန်းပဲ။ တနေ့ညက မြေပြိုလို့ မနေ့ကကားတွေ ဆင်းလို့မရတော့ဘူး။ ပိတ်နေတာအစီး ၄၀၀ လောက်ရှိမယ်။ ဘယ်နှစ် ရက်ကြာမလဲ မသိရသေးဘူး။ အများစုကကုန်ကားတွေဖြစ်တော့ အထားမခံတဲ့ကုန်တွေကတော့ ရက်ကြာရင် ပြဿနာရှိတယ်” လို့ ဆိုပါတယ်။

မြ၀တီ ကော့ကရိတ် ဒေါနတောင်ကျော်ကားလမ်းဟာ အဆင်းအတက် တရက်ခြား ပြေးဆွဲနေတဲ့လမ်း ဖြစ်ပါတယ်။

ယာဉ်မောင်းတဦးက “မြေပြိုတာ အခုထိမရှင်းနိုင်သေးဘူး။ ဒီလမ်းကြောကို တာဝန်ယူထားတဲ့ အေကေကုမ္ပဏီက အမြန်ဆုံး လမ်းရှင်းပေးမယ်လို့ ပြောပေမယ့် အခုထိ ကားတွေသွားလို့မရသေးဘူး။ အောက်ဆင်းမယ့်ကားတွေ သင်္ကန်းညီနောင်က တံတားကျိုးဂိတ်မှာပဲ ရပ်ထားရတယ်” လို့ ပြောပါတယ်။

ယခုလ ၁၁ ရက်နေ့ကလည်း မြ၀တီ ကော့ကရိတ် ကားလမ်းပေါ်ရှိ ချောက်ကမ်းပါးအလွန် နှစ်ထပ်ကွေ့မှာရှိတဲ့ မိုင်တိုင်အမှတ် ၇၂/၁/၂ မှာ တောင်ပြို လမ်းပိတ်မှု ဖြစ်ပွားခဲ့တာကြောင့် နယ်စပ်ကုန်သွယ်ရေး ၂ ရက်ကြာ ရပ်နားခဲ့ရပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယခင်ကဖြစ်ပွားခဲ့တဲ့ တောင်ပြိုမှုများမှာ ကားများသွား လာ၍မရပေမယ့် ဆိုင်ကယ်နဲ့တော့ သွားလို့ ရခဲ့ကြပါတယ်။ အခု တောင်ပြိုကားလမ်းပိတ်မှုမှာ ဆိုးရွားတာကြောင့် ဆိုင်ကယ်များ သွားလာ၍ မရအောင်ဖြစ်ပွားခဲ့တယ်လို့လည်း ကုန်သည်များကပြောပါတယ်။

မြ၀တီ ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်မှာ မိုးတွင်းကာလအဖြစ်များတဲ့ လမ်းပိတ်ဆို့မှုများကို သက်ဆိုင်ရာမှ အချိန်မီဆောင်ရွက်ပေးနိုင်ခြင်း မရှိတာကြောင့် ကုန်သည်များ ဆုံးရှုံးနစ်နာမှုများဖြင့် ကြုံတွေ့ကြရကြောင်း သစ်သီးကုန်သည်တဦးက ပြောပါတယ်။

၅၅ မိုင်အကွာအဝေးရှိသည့် မြ၀တီ ကော့ကရိတ် ဒေါနတောင်ကျော်ကားလမ်းမှာ ယခင်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုများကြောင့် ရက်ရှည် လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ပြီး လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်း ထိုင်းသို့တင်ပို့သူများ မြန်မာငွေကျပ်ငွေ သိန်းထောင်ချီ၍ ဆုံးရှုံးမှုများရှိဖူးတယ်လို့ မြန်မာကုန်သည် ဦးစိန်က ပြောပါတယ်။

Saturday, June 25, 2011

အစိုးရ၏ စွပ်စွဲမှုများ အခြေအမြစ်မရှိဟု KNU ပြောဆို

Saturday, 25 June 2011

ဇွန်လ ၂၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
မွန်ပြည်နယ်၊ ဝေါလေမြို့နယ်

ရွှေအေးမြိုင်ကျေးရွာမှ ဦးလှစိန်သည် ဇွန်လ
၂၃ရက်နေ့က တောင်ယာသွားရင်းနင်းမိ သည့်မိုင်းမှာ KNU မှ ထောင်ထားခြင်းဖြစ်ကြောင်း အစိုးရသတင်းစာ၏ စွပ်စွဲဖော်ပြမှုများမှာ အခြေအမြစ်မရှိဟု ကရင်အ မျိုးသားအစည်းအရုံး(KNU) က ပြောဆိုလိုက်သည်။ကရင်လူမျိုးဖြစ်သူ အသက် ၇၅နှစ်အရွယ် ဦးလှစိန်သည် ထိုနေ့မနက်က တောင်ယာသို့သွားစဉ် ရွာ၏အရှေ့တောင် ဘက် တစ်မိုင်ခန့်အကွာရှိ လမ်းဆုံတစ်နေရာ၌ KNU ထောင်ထားသည့် မိုင်းနင်းမိ၍ ညာဖက်ခြေကျင်းဝတ် ပြတ်သွားခဲ့ သည်ဟု ယနေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။
အဆိုပါ စွပ်စွဲထားခြင်းအပေါ် KNU တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “မြန်မာအစိုးရကတော့ မီးရထားတွဲမှာ၊ အမှိုက်ပုံးမှာ၊ အိမ်သာထဲမှာ ပေါက်တဲ့ ဗုံးတွေတိုင်း KNU လက်ချက်လို့ စွပ်စွဲပြောနေတာပဲ။ ကျနော်တို့ ကို ဒီလို အခြေအမြစ်မရှိဘဲ စွပ်စွဲတာတော့ ကျနော်တို့ KNU အနေနဲ့ လိုက်ပြီး ဂရုစိုက်စရာ မလိုဘူး။ တကယ်တမ်း ဒီလို ကိစ္စတွေ အဖြစ်အမှန်သိဖို့ ပြည်သူသာ အသိဆုံး ဖြစ်လိမ့်မယ်။”ဟု ကေအိုင်စီကို ပြောသည်။
ဇွန်လ ၁၂ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရမြို့နယ် မြို့မဈေးရှိ အများပြည်သူသုံး သန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲ၍ အ ပြစ်မဲ့ ပြည်သူ ၃ဦး ထိခိုက်မှုတွင် KNU က ကျပ်သိန်း ၃၀ မက်လုံးပေးကာ ခိုင်းစေခဲ့သည့် အသက် ၃၅နှစ်အရွယ် အောင် ကိုလတ် (ခ) အောင်ကြီးဆိုသူအား ဖမ်းဆီးရမိထားသည်ဟု ၁၈ရက်နေ့ထုတ် အစိုးရသတင်းစာတွင် စွပ်စွဲဖော်ပြခဲ့သေး သည်။

Thursday, June 23, 2011

ဗိုလ်မှူးကြီး စောချစ်သူကို ကွပ်ကဲရေးမှူးရာထူး ကမ်းလှမ်း

June 23, 2011 by နော်နိုရင်း

ကရင်ပြည်နယ်ထဲက နယ်ခြားစောင့်တပ်ရင်း ၄ ခု ဒီကေဘီအေကို ပြန်လည် အသွင်ပြောင်းပြီးတဲ့နောက်..
လက်ကျန်တပ်တွေကို စုစည်းကွပ်ကဲဖို့ အစိုးရက တပ်နယ်မှူး ဗိုလ်မှူးကြီးစောချစ်သူကို တာဝန်ပေးပါတယ်။



ကရင်ပြည် မြိုင်ကြီးငူဒေသအခြေစိုက် နယ်ခြားစောင့်တပ်ရင်း ၄ ရင်းဟာ သူတို့ရဲ့ မူလအဖွဲ့အစည်း ဒီကေဘီအေတံဆိပ်တွေ ပြန်လည်တပ်ဆင် အသွင်ပြောင်းခဲ့ပြီးတဲ့နောက် လက်ကျန်တပ်တွေကို ကွပ်ကဲဖို့ ပြီးခဲ့ရက်ပိုင်းက အစိုးရအရာရှိတွေက ဗိုလ်မှူးကြီးစောချစ်သူကို ကမ်းလှမ်းခဲ့ပါတယ်။

ကရင်ပြည်နယ်ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းနဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့် ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် မောင်မောင်အုန်းတို့က ဗိုလ်မှူးကြီးစောချစ်သူကို ပြီးခဲ့ရက်ပိုင်းတွေတုန်းက ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးစောချစ်သူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒီကေဘီအေတပ်ကနေ နယ်ခြားစောင့်တပ်အသွင်ပြောင်းတဲ့ တပ်ရင်း ၁၁ ရင်း အနက် ၄ ရင်း မရှိတော့တာကြောင့် လက်ကျန် ၇ ရင်းကို ကွပ်ကဲပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ တပ်ရင်း ၄ ရင်းကို ကိုင်တွယ် တာဝန်ယူထားတဲ့ တပ်နယ်မှူးဗိုလ်မှူးကြီး စောချစ်သူဟာ မနေ့က လက်ကျန် နယ်ခြားစောင့်တပ်ရင်းမှူးတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ အဲဒီနီးစပ်သူက ပြောပါတယ်။

“အခုလက်ရှိကျန်နေတဲ့ နယ်ခြားစောင့်တပ်တွေကို စောင့်ရှောက်ထားဖို့၊ ဗိုလ်ချုပ်ကျော်သန်းတို့က ပြဿနာတက်တာ။ အဲဒီမှာ ဒီကေဘီအေလည်း ရှိတာကို။ အခုသူ့ကို နိုင်ငံတော်ကနေ အားလုံးကို တာဝန်ခံအနေနဲ့ထားမယ်။ ကျန်တဲ့နယ်ခြားစောင့်တပ်တွေကို အကုန်လုံး သူကွပ်ကဲရမယ်။ အဲဒါတပ်ရင်းမှူးတွေ အကုန်လုံးခေါ်ပြီးတော့ ၉၉၉ ဂိတ်ထဲမှာ အစည်းအဝေးလုပ်တယ်။ သူ့ကိုအားလုံးတာဝန်ပေးတာ။ အဲဒီလူတွေကို သူကဘယ်လိုသဘောရလဲ၊ လုပ်ရင်ကောင်းမလား၊ မကောင်းဘူးလား တိုင်ပင်တာပေါ့။ ဆွေးနွေးပြီးတော့ ဟိုဘက်မှာ အဖြေပြန်ပေးရမယ်။ သူကတော့ သိပ်မလုပ်ချင်ဘူး။ အားလုံးတာဝန်မခံချင်ဘူး။ အခုရှိတဲ့ တပ်တွေအနေနဲ့ပဲ ဆက်နေချင်တာပေါ့။ ဒါပေမယ့် နိုင်ငံတော်က သူ့ကိုလုပ်ခိုင်းတာ။ ဗိုလ်ချုပ်ကျော်သန်းတို့ကို တာဝန်မပေးတော့ဘူး။ ဗိုလ်ဘိတို့လည်း သူ့ဟာသူ လာနေလည်းနေပေါ့။ နောက်တော့မှ ဖြည်းဖြည်း ပြန်စည်းရုံးမယ်ပေါ့။”

ဗိုလ်မှူးကြီးစောချစ်သူဟာ နယ်ခြားစောင့်တပ်အသွင်းပြောင်းချိန်ကစလို့ နယ်စပ်စီးပွားရေးနဲ့ ကုန်သွယ်ရေး တာဝန်ခံ ဖြစ်သလို တပ်ရင်း ၁၀၁၇ ကနေ ၁၀၂၀ အထိ တပ်ရင်း ၄ ရင်းကို ချုပ်ကိုင်တာဝန်ယူရတဲ့ တပ်နယ်မှူးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အခုတော့ ကရင်ပြည်နယ်ဝန်ကြီးက ကရင်ပြည်နယ်အတွင်း ကျန်ရှိနေတဲ့ နယ်ခြားစောင့်တပ် အားလုံးကို ကွပ်ကဲဖို့ တာဝန်ပေးတာ ဖြစ်တဲ့အတွက် ကရင်ပြည်နယ်ထဲက နယ်ခြားစောင့်တပ်တွေမှာ အကြီးဆုံးအဆင့် ကွတ်ကဲရေးမှူး ဖြစ်လာမှာပါ။

ဒီကေဘီအေကနေ နယ်ခြားစောင့်တပ်အသွင်ပြောင်းချိန်မှာ ဖွဲ့တဲ့ တပ်ရင်း ၁၁ ရင်းကို နာယက အဖွဲ့ဝင် ၃ ဦးနဲ့ တပ်နယ်မှူးအဆင့် ၄ ဦးရှိပြီး ကွပ်ကဲခဲ့ပါတယ်။ နာယက ၃ ဦးကတော့ ဒီကေဘီအေ ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဦးသာထူးကျော်၊ ဦးကျော်သန်း၊ ဦးလှဘတို့ဖြစ်ပြီး တပ်နယ်မှူးတွေကတော့ ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူး ဘသိန်း၊ ဗိုလ်မှူး ကြာအင်းနဲ့ နောက်တဦး ဖြစ်ပါတယ်။

အခုလလယ်ပိုင်းက မြိုင်ကြီးငူဒေသမှာ ပုန်ကုန်မှုဖြစ်လာပြီးနောက် နာယကနဲ့ တပ်နယ်မှူးတွေကို ဖြုတ်ပြီး ဗိုလ်မှူးကြီး စောချစ်သူကို ကွပ်ကဲရေးမှူး တာဝန်ယူပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

စစ်ဘေးရှောင် ၁၃၀၀၀ ကျော် KIO ထံ ရောက်

သဲသဲ၊ ဖနိဒါ | ကြာသပတေးနေ့၊ ဇွန်လ ၂၃ ရက် ၂၀၁၁ ခုနှစ်


မဇ္ဈိမသတင်းဌာန  ။       ။ ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် ကချင်တိုက်ပွဲများကြောင့် စစ်ဘေးပုန်းရှောင်လာသူ ဒုက္ခသည် ၁၃ဝဝဝ ကျော်ရှိပြီဟု ကချင်လွတ်မြောက်ရေးအဖွဲ့က ပြောသည်။

KIO ဗဟိုကော်မတီဝင်ဖြစ်သူ ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား၏ ပြောဆိုချက်အရ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသတွင် ၅ဝဝဝ ကျော်၊ မိုးညှင်းခရိုင် တပ်ရင်း ၅ နယ်မြေတွင် ၂၃ဝဝ ကျော်နှင့် တပ်ရင်း ၃ နယ်မြေ လွယ်ဂျယ်ဒေသတွင် ၆ဝဝဝ ကျော်ရှိသည်ဟုဆိုသည်။

“မြစ်ကြီးနား ဗန်မော်လမ်းမကြီးက လူတွေ အများစုပါတယ်” ဟု ဦးဒွဲပီဆားက ပြောသည်။

ဒုက္ခသည်များမှာ ခန်းမဆောင်များ လိုင်ဇာမြို့တော်ခန်းမ၊ အမှတ်(၃) ဈေး၊ တိုက်ခန်းအလွတ်၊ ဈေးဆိုင်ခန်း အလွတ်များတွင် စုပေါင်းထားရှိသည်။

KIO ဗဟိုဌာနက ဖွင့်လှစ်ထားသည့် လိုင်ဇာရှိ ဒုက္ခသည်စခန်းများတွင် ဆေးဝါးနှင့် ဆန်အကူအညီပေးနေပြီး၊ စစ်ပြေးဒုက္ခသည်များတွင် ကျောင်းနေသည့် ကလေး ၇ဝဝ ကျော် ပါဝင်ကြောင်း KIO ပြောခွင့်ရ ဦးလနန်က မဇ္ဈိမကို ပြောသည်။ အခြား မည်သည့်အဖွဲ့အစည်းထံမှ တစုံတရာ အကူအညီ မရဟု ဆိုသည်။

အစိုးရစစ်တပ်နှင့် KIA တပ်များအကြား ဇွန်လ ၉ ရက်နေ့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် စစ်ပြေးဒုက္ခသည်များသည် KIO ထိန်းချုပ်ဒေသ တရုတ်-မြန်မာ နယ်စပ်ဘက်သို့ ဦးတည်ကာ ထွက်ပြေးနေကြသည်။

ထွက်ပြေးလာသူများတွင် ကလေးငယ်များ၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ အများဆုံးပါဝင်ကာ၊ ဒုက္ခသည်များအတွက် စားရိက္ခာနှင့် အမိုအကာများ အဓိက လိုအပ်နေသည်ဟု KIO က ပြောသည်။

လိုင်ဇာမြို့ရှိ ဒုက္ခသည် စခန်းများတွင် စစ်ဘေးရှောင် ဒုက္ခသည်များ၏ နေထိုင်မှု၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊
 ကျောင်းသားများ ပညာရေး အကူအညီ ရရှိမှု နောက်ဆုံး အခြေအနေကို ဒုက္ခသည်စခန်း ကျန်းမာရေး တာဝန်ခံ၏ ပြောဆိုချက်များကို တင်ပြလိုက်ပါသည်။

စားနပ်ရိက္ခာ အခြေအနေ

“အဓိက ကုန်တာက သူတို့အတွက် ရိက္ခာပေါ့နော်၊ ကျွေးမွေးတာကတော။ ဗဟိုကော်မတီဝင်က တရက်ကို လူတယောက်ကို ဆန်နို့ဆီဗူး ၂ ခွက်ပေါ့၊ လူကြီးလူငယ်မခွဲဘဲ အဲလိုဝေပေးတယ်။ စားနပ်ရိက္ခာတွေ ဝေပေးပြီး၊
 ဈေးထဲကဝယ်ပြီး သူတို့ဘာသာ ချက်စားကြတယ်ပေါ့။ ကျနော်တို့က ရေတွေ၊ ထင်းတွေ စီစဉ်ပေးပါတယ်။ ပိုက်ဆံပါတဲ့ သူတချို့ကတော့ အပြင်ကနေ ဝယ်စားတာလည်း ရှိတယ်။ ပိုက်ဆံမပါတဲ့ သူတွေကတော့ ကျနော်တို့ ဝေတဲ့ ဆန်ကိုပဲ ချွေတာပြီး စားရတာပေါ့။ လိုင်ဇာတဝိုက်တင်ပဲ စားနပ်ရိက္ခာအတွက် တရက်ကို သိန်း ၂ဝ ကျော်လောက် ကုန်တယ်”

နေထိုင်ရေး အခြေအနေ

‘‘အဆောက်အအုံကြီးတွေရဲ့ ခန်းမတွေမှာ၊ လိုင်ဇာမြို့တော်ခန်းမ၊ ဈေးကြီးမှာ၊ တိုက်ခန်းလွတ်တွေမှာ နေရာ ချပေးထားတာပေါ့။  တချို့က အခင်းတွေ၊ စောင်တွေ၊ ခြင်ထောင်တွေလည်း မပါလာတော့ တမံသလင်းမှာ အိပ်ကြတယ်။ ကြာရင် သူတို့ကျန်းမာရေး ထိခိုက်မှာဆိုတော့  ဖျာတွေ၊ အခင်းတွေ စီစဉ်ပေးတယ်။ အခုဆိုရင် အများကြီး လိုလာတာပေါ့၊ လောက်တော့ ဘယ်လောက်မလဲ”

“တောထဲမှာ ပြေးရင်းရှောင်ရင်း တောထဲမှာ ပုန်းနေကြတဲ့သူတွေလည်း ရှိသေးတယ်။ ကျနော်တို့ စာရင်းထဲမှာ အဲဒါတွေ မပါသေးဘူး။ သူတို့တွေပါ တက်လာရင် ပိုများလာမယ်လေ”

ကျန်းမာရေး အခြေအနေ

“ဒုက္ခသည် တော်တော်များများ ရောက်လာတဲ့အခါမှာ ကလေးတွေ ဖျားနာတာ ပိုများတယ်။ ဝမ်းလျှောတာရယ်၊
 နောက်ပြီး ငှက်ဖျားဖြစ်တာ၊ အအေးပတ်ပြီး ချောင်းဆိုတာ များပါတယ်။ အများအားဖြင့် သူတို့ဖြတ်လာတဲ့ ခရီးလမ်းကလည်း ကြမ်းတယ်ဆိုတော့ ၃ ၊ ၄ ရက်လာတာဆိုတော့ တောထဲမှာနေပြီး ဖြတ်လာကြတော့ ကလေးမှာ ဖျားတာ ပိုများတယ်။ ကျနော်တို့ စခန်း ၅ နေရာ ကျန်းမာရေး ဌာနကနေ တာဝန်ယူပြီး အခမဲ့ကုပေးနေပါတယ်’’

“အခု ဝမ်းလျှောတဲ့ ကလေး ၈ ဦးကို ဆေးရုံတင်ထားရတယ်။ မျက်ခမ်းစပ်ရောဂါ၊ ဝက်သက်လို အရည်ပြားရောဂါတွေ ကလေးတွေကို ကုပေးရတာ များတယ်။  စခန်းတွေမှာက စားနပ်ရိက္ခာပြီးရင် ဒုတိယ အကုန်ဆုံးက
 ဆေးဝါးဖြစ်နေတာပေါ့။ လောလောဆယ် ကျနော်တို့ဌာနက ပေးတာ လောက်ပေမယ့် လူတွေ ဒီ့ထက်များလာရင်၊ ရာသီဥတုကလည်း ဆက်ပြီး မိုးရွာနေရင်တော့ ဆေးဝါးအတွက်လည်း အတော်လေး အားစိုက်ရမယ့် အခြေအနေ ဖြစ်နေတယ်”

ပညာရေး အခြေအနေ

“မူကြိုကအစ အထက်တန်းအထိ ကလေးတွေကို စာရင်းကောက်ပြီး တတ်နိုင်သလောက် ပညာဆက်သင်လို့ ရအောင် စီစဉ်နေပါတယ်။ လိုင်ဇာမှာဖွင့်ထားတဲ့ ကျောင်းတချို့မှာလည်း သင်ခိုင်းမယ်ပေါ့၊ နောက်ပြီး သင့်တော်တဲ့ နေရာမှာ
 ကျောင်းဆောက်ပြီး သင်ပေးနိုင်အောင် စီစဉ်နေပါတယ်’’

အကူအညီရရှိမှု

“အခုလောလောဆယ် လာကူတဲ့သူ မရှိသေးဘူး။ ကူမယ်လို့ ပြောသံပဲကြားတယ်။ တကယ့်လက်တွေ့မှာ ဘာမှ မရောက်လာသေးပါဘူး။ ဒေသခံ အဖွဲ့အစည်းတွေ၊ ပြည်ပက NGO တွေကို အကူအညီတောင်းထားတာ ရှိပါတယ်။ ရေရှည်အတွက် ကျနော်တို့လည်း ဒီမှာရှိတာနဲ့ ဘယ်လောက်အထိ ကူညီနိုင်မယ်ဆိုတာ
 ပြောရခက်ပါတယ်’’

ဖောက်ခွဲ၊ ပစ်ခတ်မှုများကြောင့် ဘုရားသုံးဆူတွင် စစ်ဆေးရေး ပိုမိုတင်းကြပ်ထား

21 Jun 2011 ကေအိုင်စီ

ဘုရားသုံးဆူမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုနှင့် တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်မှ လုံခြုံရေး တိုးချဲ့ထားရုံသာမကယမန်နေ့ နံနက်မှစ၍ စစ်ဆေးမှုများပါ ပိုမို တင်းကြပ်ထားကြောင်း မြို့ခံများက ပြောသည်။

“မနေ့မနက်ကနေစပြီးတော့ စစ်ဆေးမှုတွေ တင်းကြပ်လာတယ်။ လမ်းသွယ်လမ်းကြားကအစ စစ်သားတွေကြီးပဲ။ ကားတွေ ဆိုင် ကယ်တွေ အကုန်စစ်တယ်။ လမ်းသွားလာနေတုန်း မသင်္ကာသူတွေကို တွေ့ရင် ခေါ်ယူစစ်ဆေးပြီး အချို့ကို ပြန်လွှတ်ပေးလိုက် တာရှိပေမဲ့ အချို့ကိုတော့ ခေတ္တခဏ ထိန်းသိမ်းထားတာလည်း ရှိတယ်။”ဟု မြို့ခံတစ်ဦးက ပြောသည်။

ယင်းသို့ စစ်ဆေးမှုများကို စစ်တပ်မှ လုပ်ဆောင်ခြင်းဖြစ်ပြီး အချိန်အားဖြင့် မနက်ပိုင်းမှစ၍ ညပိုင်း ၁၁နာရီအထိ ဖြစ်ကြောင်းလည်း အဆိုပါ မြို့ခံများက ပြောဆိုနေကြသည်။

သူကပင် “အခု အတော့်ကို အစစ်အဆေးလုပ်နေတယ်။ ဆိုင်ကယ်တွေကို ဖောက်ခွဲပစ္စည်း ရှိမရှိကြည့်ပြီးမှ ပေးသွားတယ်။ စစ် ဆေးတဲ့နေရာတွေကတော့ လမ်းသွယ်၊ လမ်းကြား အကုန်လုံးပါပဲ။ စစ်ဆေးတာက ယူနီဖောင်းဝတ်ထားတဲ့ စစ်သားတွေချည်းပဲ။” ဟု ဆက်လက် ပြောဆိုသည်။

ဘုရားသုံးဆူမြို့တွင် အမည်မသိ သေနတ်သမားတစ်စု ဝင်ရောက်ဖောက်ခွဲပြီးနောက် မြို့ပေါ်နှင့် မြို့ပြင်ရှိ နေရာအတော်များများ မှာ စစ်တပ်မှ လုံခြုံရေး တိုးချဲ့ထားပြီး ယခုလို စစ်ဆေးမှုပါ တင်းကြပ်လာခြင်း ဖြစ်သည်။

“တမြို့လုံးက နဂိုကတည်းက ကြောက်နေကြတယ်လေ။ တချို့က ပြောင်းရွှေ့ကုန်ပြီ။ ဒီကြားထဲမှာ စစ်ဆေးမှုကပါ လုပ်လာတော့ သွားလာကြဖို့လည်း ကြောက်လာကြတယ်။ အခန့်မသင့်လို့ ကိုယ်ပါ ပါသွားနိုင်တယ်။ အခြေအနေက တနေ့တခြား မကောင်းလာ ဘူးဖြစ်နေတယ်။ ဒေသခံတွေကတော့ ပိုပြီးတော့ ကြောက်လာနေကြတာပေါ့။”ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့ပေါ်တွင် ဗုံးတွေ့ရှိမှု၊ ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုပြဿနာများ မကြာခဏ ဖြစ်ပေါ်နေခဲ့သည့်အတွက် အာဏာပိုင် များအနေဖြင့် ယခုလို စစ်ဆေးရခြင်းဖြစ်သလို နောက်ထပ် ပစ်ခတ်ဖောက်ခွဲမှုများ ထပ်ရှိလာနိုင်သည်ဟု ကောလဟလသတင်းများ ထွက်ပေါ်နေသဖြင့် အာဏာပိုင်များက ယခုလို စစ်ဆေးမှုပါ တင်းကြပ်လာခြင်းဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်း က ပြောဆိုနေကြသည်။
လက်ရှိအချိန်တွင် ဘုရားသုံးဆူ မြို့ပေါ်နှင့် မြို့အပြင်ဘက်ရှိ နေရာများတွင် အစိုးရတပ် ခလရ(၂၈၃၊) ခမရ(၅၆၆)နှင့် ခမရ(၅၆၃) တပ်များ လုံခြုံရေး ယူထားလျှက်ရှိသည့်အပြင် မြို့ပြင်မြို့စွန်နေရာများ၌ နေထိုင်ကြသူများအား မြို့တွင်းသို့ ပြောင်းရွှေ့နေထိုင်ရန် စစ်တပ်မှ အမိန့်ပေးထားသည်ဟု သိရသည်။

ဇွန်လ ၁၄ရက်နေ့က ဘုရားသုံးဆူမြို့လယ်ရှိ စီးပွားရေးလုပ်ငန်းရှင် ဦးအောင်တင်ဝင်းနေအိမ် ဈေးဆိုင်ကို အမည်မသိ သေနတ်သ မားတစ်စု ဝင်ရောက်ပစ်ခတ်ခဲ့သလို ဇွန်လ ၅ရက်နေ့ကလည်း မျက်နှာဖုံးစွပ်ထားသည့် လက်နက်ကိုင် ၄ဦးလည်း စရဖရုံးကို ဝင် ရောက်ပစ်ခတ်ခဲ့သည်။

Wednesday, June 22, 2011

သြစတြေးလျား ဆစ်ဒနီတွင် လူထုအစည်းအဝေးနှင့် ဒုက္ခသည်နေ့ ကျင်းပပြီးစီးခဲ့

ဇွန်လ ၂၀ရက်။ စောကျော်ခွီး (ကေအိုင်စီ)

မြန်မာ့နိုင်ငံရေး အကြပ်အတည်းဆိုင်ရာ လူထုအစည်းအဝေးနှင့် ဒုက္ခသည်များနေ့ အခမ်းအနားကို သြစတြေးလျနိုင်ငံ နယူး ဆော့သ်ဝေးပြည်နယ် ဆစ်ဒနီမိုကာရာမာရပ်ကွက်ရှိ The Conference Hall of STARTTS တွင်သြစတြေးလျား ကရင်အ မျုးသားအဖွဲ့အစည်း(AKO)မှ ဇွန်လ ၁၈ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည်။


ထိုနေ့တွင် အစီအစဉ်နှစ်ပိုင်းခွဲ၍ ကျင်းပရာ နေ့လည် ၁၁နာရီမှ မွန်းလွဲ ၂နာရီအထိ မြန်မာပြည်ရှိ လူ့အခွင့်အရေးချိုးဖောက်မှု အပါအ၀င် ဒီမိုကရေစီနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စရပ်များကို ကျောင်းဆရာ/ဆရာမများ၊ ဆရာဝန်များ၊ Burma Campaign စတြေးလျား၊ Burma Campaign-UK၊ ကေအဲန်ယူ UK ကိုယ်စားလှယ်၊ ၈၈မျိုးဆက်ကျောင်းသားများသြစ တြေးလျားရောက် ကရင်အမျိုးသားများနှင့် မြန်မာ့အရေး စိတ်ပါဝင်စားသူပေါင်း ၃၀ဦးကျော်က တက်ရောက်ဆွေးနွေးခဲ့ကြ သည်။

နိုင်ငံရေးအကျဉ်းသားအားလုံးကို မလွှတ်ပေးသရွေ့၊ တိုင်းရင်းသားတွေနဲ့ တိုက်ခိုက်နေမှုတွေကို မရပ်တန့်သရွေ့ နိုင်ငံတကာ ကမ်ပိန်းတွေမှ လုပ်လို့ရနိုင်သမျှ နိုင်ငံရေးနည်းလမ်းပေါင်းစုံနဲ့ ဒီမဟာလူမျိုးကီးဝါဒ လက်ကိုင်ထားတဲ့ စစ်အာဏာရှင်တွေကို နိုင်ငံတကာဖိအားတွေ ပိုမိုပေးလာနိုင်အောင် ကိုးစားသွားရမယ်။ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ နအဖတဖြစ်လည်း ကံဖွံ့စစ် အစိုးရကို ကမ္ဘာ့စစ်ခုံး တင်နိုင်အောင် အမြန်ဆုံး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့နိုင်အောင် ကိုးစားသွားမယ်။ဟု အစည်းအ ဝေး တက်ရောက်ခဲ့သူ Burma Campaign UK နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ နမ့်ဇိုယာဖန်းက ကအိုင်စီကို ပြောဆိုခဲ့သည်။

ထိုလူထုအစည်းအဝေးမှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဝိုင်းဝန်းလုပ်ဆောင်ကြရန်၊ လက်ရှိ အစိုးရမှ နိုင်ငံရေးအကျဉ်း သားများအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန်၊ တိုင်းရင်းသားဒေသများအား စစ်ဆင်တိုက်ခိုက်နေမှုကို ချက်ချင်းရပ်တံ့ပေးရန်၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာရန် နိုင်ငံတကာဖိအားကို ရယူနိုင်ရန် ကိုးပမ်းဆောင်ရွက်သွား မည်ဟု ဆုံးဖြတ်နိုင်ခဲ့ကြသည်။

Burma Office Director ဒေါက်တာမြင့်ချိုက သြစတြေးလျားအစိုးရအနေနဲ့ နယ်ခြားဖြတ်ကျော် အကူအညီပေးရေးတွေမှာ မပါဝင်လာသေးပေမယ့် ဒုက္ခသည်တွေကို အရင်က တနှစ်ကို ဒေါ်လာ ၂၉သန်း ကူညီခဲ့ရာကနေ ခုဆိုရင် ဒေါ်လာသန်း ၅၀ ထိ ကူညီလာပီဖြစ်တယ်။ သြစတြေးလျားလွှတ်တော်အမတ်များ၏ ကံဥာဏ်ပေးသူတွေဟာ နယ်စပ်ဖြတ်ကျော် အကူညီပေးဝန်ထမ်းများ၏ လုံခံရေးအာမခံချက် မရှိတာနဲ့ ထိုင်း-မြန်မှာစ်နိုင်ငံ နယ်ခြားဖြတ်ကျော်ခွင့် ရှိမရှိဆိုတဲ့ အကြောင်းပြ ချက်တွေကြောင့် Cross Border Aid ကိစ္စမှာ သြစတြေးလျား အစိုးရအနေနဲ့ ချီတုံချတုံ ဖြစ်နေရတာ ဖြစ်တယ်။ဟု ဆွေးနွေး ပြောဆိုခဲ့သည်။

မန္တလေးတိုင်း အရှေ့မြောက်မို့နယ် NLD လွှတ်တော်အမတ် ဦးမောင်မောင်အေးက ကရင်ဘလော့ဂါ လူငယ်တစ်ဦး၏ တော် လှန်ရေးနှင့် နိုင်ငံရေး ဟန်ချက်မညီမှုအပေါ် ဆွေးနွေးမေးမြန်းချက်ကို ဦးမောင်မောင်အေးက ချွတ်ယွင်းချက်တွေ၊ အားနည်း ချက်တွေကို သင်ခန်းစာယူပီး ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံရေး၊ တော်လှန်ရေး အင်အားစုတွေဟာ အမြှော်မြင်ရှိရှိ စည်းလုံး ညီညာစွာနဲပူးတွဲလုပ်ဆောင်ရမယ်။ တပ်ပေါင်းစုနဲ့သာ ဒီစစ်အာဏာရှင်ကို ဖိုချနိုင်မှာ ဖြစ်တယ်။ဟု ဖြေကြားခဲ့သည်။

ဆက်လက်၍ AKO က ညနေ ၃နာရီတွင် နှစ် ၆၀မြောက် ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားကို ကရင်လူငယ်မောင်မယ် များက အုပ်စုလိုက် သီချင်းသီဆိုကာ စတင် ဖွင့်လှစ်ခဲ့ပြီး သြစတြေးလျားအစိုးရ၏ လူသားခင်းစာနာမှု အကူအညီဖြင့် ရောက် ရှိလာသူ နော်ထူးရာဖောနှင့် နော်မာနာဖောတို့မှလည်း ၎င်းတို့၏ ဒုက္ခသည်ဘဝ အခြေအနေများကို ရုပ်ပုံ slide show ဖြင့် ပရိ တ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် အခမ်းအနား ဖန်းဖေါင်ဒေးရှင်း ဒိါုက်တာ မ့်ဘွားဘွားဖန်းက ကျမတို့လူမျိုးတွေဟာ နအဖ စစ်အာဏာရှင်တွေ ရဲ့ရက်စက်တဲ့ သတ်ဖြတ်မှုတွေကို နေစဉ်နဲ့အမျှဆိုသလို ခံစားကြောက်ရွံ့ပီး ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေဖြစ်တယ်။ ဒါ တွေကို မမေ့ကြ ဒုက္ခသည်တွေအတွက် ပြန်လည် စာနာကူညီပေးဖို့ လိုအပ်ပါတယ်။ဟု ပြောခဲ့သည်။

TAFE ကောလိပ်မှ Institute Multicultural Education Coordinator Mrs. Dimitra Gallos ကလည်း ဒုက္ခသည်များအနေ ဖြင့် သြစတြေးလျားတွင် ပညာရေးပိုင်း၌ ဘာသာရပ်ပေါင်း ၁၂၀မှ မိမိစိတ်ဝင်စားရာကို စိတ်ကိုက်ရွေးချယ်နိုင်ကြောင်းနှင့် အ ခက်အခဲရှိပါက counselor (နှစ်သိမ့်အားပေးရေး)ထံ တိုင်ပင်ဆွေးနွေးနိုင်ကြောင်း ဒုက္ခသည်များအား အားပေးပြောဆိုခဲ့သည်။

ဒုက္ခသည်ဘ၀များသည် မျှော်လင့်ချက်နှင့် ရွေးချယ်စရာလမ်း မရှိသည့်အပေါ် တတိယနိုင်ငံရောက်ရှိလာသော ဒုက္ခသည်များ အနေဖြင့် ကျန်ရှိနေသည့် ဘ၀တူ ဒုက္ခသည်များကို ပြန်လည်ငဲ့ညှာကြည့်ရှုရမည့် တာဝန်ရှိကြောင်းလည့်း်ဇိုယာဖန်းက ပြောသည်။


မြန်မာပြည်တွင်း လူမျိုးရေး ခွဲခြားဖိနှိပ် ဆက်ဆံခံခဲ့ရမှု၊ စစ်အာဏာရှင်၏ လူသားခင်းမစာနာသော လူ့အခွင့်ရေး ချိုးဖောက် မှုကြောင့် ဒုက္ခသည်များ ဖြစ်ပေါ်လာရပြီး စစ်ပြေးဒုက္ခသည်များဘဝဖြင့် တတိယနိုင်ငံသို့ ရောက်ရှိအခြေချလာရပုံတို့ကို သြစ တြးလျားပြည်သူများနှင့် လူမှုအဖွဲ့အစည်း ပိုမိုသိရှိနားလည် စာနာလာကြစေရန်အပြင် လက်ရှိ ရှိနေဆဲ ဒုက္ခသည်များကို ကူ ညီပံို့းသွာ ရည်ရွယ်ကျင်းပခဲ့သည် ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားတွင် လူဦးရေ ၆၀ကျော် တက်ရာက်ခဲ့သည်။

AKO သည် ပြည်ထောင်စုအရေး၊ ကရင်အမျိုးသားရေးဆိုင်ရာကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရန်နှင့် နိုင်ငံရေး နိုးကြားသူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်လူထုအစည်းအဝေးကို အခါအားလျော်စွာ ဖိတ်ခေါ်ကျင်းပလေ့ရှိသည်။

ဖောက်ခွဲ၊ ပစ်ခတ်မှုများကြောင့် ဘုရားသုံးဆူတွင် စစ်ဆေးရေး ပိုမိုတင်းကြပ်ထား

Tuesday, 21 June 2011


ဇွန်လ ၂၁ရက်။ ကေအိုင်စီ 
ဘုရားသုံးဆူမြို့ပေါ်တွင်ဗုံးပေါက်ကွဲမှုနှင့် တိုက်ခိုက်မှုမကြာခဏ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်မှ လုံခြုံရေး တိုးချဲ့ထားရုံသာမက ယမန်နေ့ နံနက်မှစ၍ စစ်ဆေးမှုများပါ ပိုမိုတင်းကြပ်ထားကြောင်း မြို့ခံများက ပြောသည်။ 
“မနေ့မနက်ကနေစပြီးတော့ စစ်ဆေးမှုတွေ တင်းကြပ်လာတယ်။ လမ်းသွယ်လမ်းကြားကအစ စစ်သားတွေကြီးပဲ။ ကားတွေ ဆိုင် ကယ်တွေ အကုန်စစ်တယ်။ လမ်းသွားလာနေတုန်း မသင်္ကာသူတွေကို တွေ့ရင် ခေါ်ယူစစ်ဆေးပြီး အချို့ကို ပြန်လွှတ်ပေးလိုက် တာရှိပေမဲ့ အချို့ကိုတော့ ခေတ္တခဏ ထိန်းသိမ်းထားတာလည်း ရှိတယ်။”ဟု မြို့ခံတစ်ဦးက ပြောသည်။
ယင်းသို့ စစ်ဆေးမှုများကို စစ်တပ်မှ လုပ်ဆောင်ခြင်းဖြစ်ပြီး အချိန်အားဖြင့် မနက်ပိုင်းမှစ၍ ညပိုင်း ၁၁နာရီအထိ ဖြစ်ကြောင်းလည်း အဆိုပါ မြို့ခံများက ပြောဆိုနေကြသည်။
သူကပင် “အခု အတော့်ကို အစစ်အဆေးလုပ်နေတယ်။ ဆိုင်ကယ်တွေကို ဖောက်ခွဲပစ္စည်း ရှိမရှိကြည့်ပြီးမှ ပေးသွားတယ်။ စစ် ဆေးတဲ့နေရာတွေကတော့ လမ်းသွယ်၊ လမ်းကြား အကုန်လုံးပါပဲ။ စစ်ဆေးတာက ယူနီဖောင်းဝတ်ထားတဲ့ စစ်သားတွေချည်းပဲ။” ဟု ဆက်လက် ပြောဆိုသည်။
ဘုရားသုံးဆူမြို့တွင် အမည်မသိ သေနတ်သမားတစ်စု ဝင်ရောက်ဖောက်ခွဲပြီးနောက် မြို့ပေါ်နှင့် မြို့ပြင်ရှိ နေရာအတော်များများ မှာ စစ်တပ်မှ လုံခြုံရေး တိုးချဲ့ထားပြီး ယခုလို စစ်ဆေးမှုပါ တင်းကြပ်လာခြင်း ဖြစ်သည်။
“တမြို့လုံးက နဂိုကတည်းက ကြောက်နေကြတယ်လေ။ တချို့က ပြောင်းရွှေ့ကုန်ပြီ။ ဒီကြားထဲမှာ စစ်ဆေးမှုကပါ လုပ်လာတော့ သွားလာကြဖို့လည်း ကြောက်လာကြတယ်။ အခန့်မသင့်လို့ ကိုယ်ပါ ပါသွားနိုင်တယ်။ အခြေအနေက တနေ့တခြား မကောင်းလာ ဘူးဖြစ်နေတယ်။ ဒေသခံတွေကတော့ ပိုပြီးတော့ ကြောက်လာနေကြတာပေါ့။”ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

(ဇွန်လ ၁၄ရက်နေ့က ပစ်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် ဘုရားသုံးဆူမြို့ပေါ်မှ ကားတစ်စီး)
ဘုရားသုံးဆူမြို့ပေါ်တွင် ဗုံးတွေ့ရှိမှု၊ ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုပြဿနာများ မကြာခဏ ဖြစ်ပေါ်နေခဲ့သည့်အတွက် အာဏာပိုင် များအနေဖြင့် ယခုလို စစ်ဆေးရခြင်းဖြစ်သလို နောက်ထပ် ပစ်ခတ်ဖောက်ခွဲမှုများ ထပ်ရှိလာနိုင်သည်ဟု ကောလဟလသတင်းများ ထွက်ပေါ်နေသဖြင့် အာဏာပိုင်များက ယခုလို စစ်ဆေးမှုပါ တင်းကြပ်လာခြင်းဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်း က ပြောဆိုနေကြသည်။ လက်ရှိအချိန်တွင် ဘုရားသုံးဆူ မြို့ပေါ်နှင့် မြို့အပြင်ဘက်ရှိ နေရာများတွင် အစိုးရတပ် ခလရ(၂၈၃၊) ခမရ(၅၆၆)နှင့် ခမရ(၅၆၃) တပ်များ လုံခြုံရေး ယူထားလျှက်ရှိသည့်အပြင် မြို့ပြင်မြို့စွန်နေရာများ၌ နေထိုင်ကြသူများအား မြို့တွင်းသို့ ပြောင်းရွှေ့နေထိုင်ရန် စစ်တပ်မှ အမိန့်ပေးထားသည်ဟု သိရသည်။
ဇွန်လ ၁၄ရက်နေ့က ဘုရားသုံးဆူမြို့လယ်ရှိ စီးပွားရေးလုပ်ငန်းရှင် ဦးအောင်တင်ဝင်းနေအိမ် ဈေးဆိုင်ကို အမည်မသိ သေနတ်သ မားတစ်စု ဝင်ရောက်ပစ်ခတ်ခဲ့သလို ဇွန်လ ၅ရက်နေ့ကလည်း မျက်နှာဖုံးစွပ်ထားသည့် လက်နက်ကိုင် ၄ဦးလည်း စရဖရုံးကို ဝင် ရောက်ပစ်ခတ်ခဲ့သည်။

အစိုးရတပ်၏ ထိုးစစ်ကို ရိုက်ချိုးနိုင်ရန် စုစည်းကြဖို့ SYCB ထုတ်ပြန်ပြောဆို

21 Jun 2011 စောခါးစူးညား (ကေအိုင်စီ)

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်နေသည့် မြန်မာအစိုးရတပ်များကို ရိုက်ချိုးနိုင်ဖို့ တိုင်းရင်းသားများ
အားလုံးစုစည်းညီညွှတ်မှု၊အပြန်အလှန်ကူညီပံ့ပိုးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုရှိကြရန်မြန် မာနိုင် ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်-SYCB က ယမန်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
လက်ရှိ ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားနေသော စစ်ပွဲများသည် တိုင်းရင်းသားများ၏ လွတ်လပ်ရေး၊ ဒီမိုကရေစီ ရေးနှင့် အမျိုးသားတန်းတူရေး စသည့် နိုင်ငံရေးပြဿနာများဖြစ်သော်လည်း  
မြန်မာအစိုးရသည် စစ်ရေးနည်းဖြင့် ဖြေရှင်းနေ သည့်အတွက် တိုင်းရင်းသားအားလုံးကလည်း ညီညီညွှတ်ညွှတ် ပြန်လည် ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်ကြရမည်သာဖြစ် ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

SYCB ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ နော်ဆန်း(Nan San)က “ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ မြန်မာ့အရေး ၀ိုင်းဝန်းကြိုးပမ်းတဲ့နေရာမှာ အပြန်အလှန် အသိအမှတ်ပြုမှု၊ တန်ဖိုးထားမှုနဲ့ ဟန်ချက် ညီညီ အတူတကွ ပူးပေါင်းအလုပ်လုပ်သွားကြဖို့ ရည်ရွယ်ပြီး ဒီကြေညာချက်ကို ထုတ်တာပါ။”ဟု ပြောသည်။

အဆိုပါ ကြေညာချက်၌ မြန်မာပြည်သူများအပေါ် အစိုးရတပ်၏ ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေး ချိုးဖောက်နေမှု၊ အမျိုး သမီးများအပေါ် အဓမ္မပြုကျင့်နေမှု၊ စစ်ရာဇ၀တ်မှု ကျူးလွန်နေမှုများကို ကုလသမဂ္ဂ အပါအ၀င် အင်အားကြီးနိုင်ငံများအား အိမ်နီးချင်းနိုင်ငံများမှလည်း အရေးယူဆောင်ရွက်ပေးရန်နှင့် တိုက်ပွဲများကြောင့် ကျန်းမာရေး၊ စားဝတ်နေရေး၊ လုံခြုံရေး ဆိုး ၀ါးမှုများနှင့် အိုးအိမ်၊ တောင်ယာများစွန့်ပစ်ပြီးအခက်အခဲကြုံနေရသောစစ်ဘေးဒုက္ခသည်များကို နိုင်ငံတကာမိသား စုများမှ အမြန်ဆုံး အကူအညီပေးကြရန်လည်း တောင်းဆိုထားသည်။

နော်ဆန်းက “လက်ရှိအခြေအနေမှာ ကျနော်တို့ တိုင်းရင်းသားတွေဟာ အာဏာရှင်ရဲ့ သားကောင်တွေဖြစ်နေတယ်။ နောက် တိုင်းရင်းသားရဲဘော်တွေဟာ ရှေ့တန်းမှာ အသက်စွန့်ပြီး နယ်မြေနဲ့ ပြည်သူတွေကို ကာကွယ်နေရတယ်။ သူတို့တွေဟာ ပြည် သူတွေနဲ့အတူ ဆင်းရဲဒုက္ခခံနေရတယ်ဆိုတာ ဖော်ပြတာ ဖြစ်ပါတယ်။”ဟု ဆက်လက်ပြောဆိုသည်။

၎င်းအပြင် စစ်ဘေးဒဏ်ပြည်သူများသည် မိမိတို့ဒေသအတွင်း ပြန်လည်နေထိုင်နိုင်ရေးအတွက် ဒီမိုကရေစီနှင့် တိုင်းရင်းသား အင်အားစုအားလုံး ပူးပေါင်းဆောင်ရွက်ပြီး တောင်းဆို တိုက်ပွဲဝင်သွားကြရမည်ဖြစ်ကြောင်းလည်း SYCB က ဆိုသည်။

ကြေညာချက်နိဂုံးချုပ်၌ နှစ်ပေါင်း(၆၀)ကျော်လာသည့် မြန်မာ့ပြည်တွင်းစစ် ပြဿနာမှာ နိုင် ငံရေးပြဿနာဖြစ်၍ နိုင်ငံရေး နည်းဖြင့်သာ ဖြေရှင်းရန်နှင့် အစိုးရအနေဖြင့် တိုင်းရင်းသားဒေသများရှိ ထိုးစစ်နှင့် စစ်ရေးပြင်ဆင်မှုများကို ချက်ချင်းရပ်တန့် ရေးနှင့် တန်းတူဆွေးနွေးအဖြေရှာရေး ပြုလုပ်ရန် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်-SYCB ကို ၁၉၉၆ခုနှစ်၊ ဇန်န၀ါရီလ၌ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဖွဲ့စည်းခဲ့ ပြီး လက်ရှိတွင် တိုင်းရင်းသားလူငယ်အဖွဲ့(၁၅)ဖွဲ့ဖြင့် ထိုင်းနှင့် အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေစိုက် လှုပ်ရှားလျှက်ရှိသည်။

Sunday, June 19, 2011

အမြင့်ပျံငှက်များ အပိုင်း (၁)

 စတက်နေ  June20 2011

လူငယ်သည်အနာဂါတ်၏ခေါင်းဆောင်များဖြစ်ပါသည်။ တိုင်းပြည်အကျိုးကို ဆောင်ကျဉ်းပေးနိုင် သော တိုင်းပြည်၏ သားကောင်းရတနာများဖြစ်ပါသည်။ ကရင်လူငယ်ထုအတွင်း ၎င်းတို့၏ မှန်ကန်မြင့်မြတ်သော မျိုးချစ်စိတ်နှင့် တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်တို့သည်လည်း အလွန်လေးစား ဂုဏ်ယူစရာဖြစ်ပေသည်။
ကရင်အမျိုးသားတို့၏ရပိုင်ခွင့်၊ကိုယ့်ကြမ္မာကိုယ်ဖန်တည်းခွင့်ဟူသောဒီမိုကရေစီအခြေခံသည့် တိုက်ပွဲတို့သည်တရားမျှတသောတိုက်ပွဲပင်ဖြစ်ပါသည်။

ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးကြီးသည်ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တို့နှင့် နိုင်ငံရေး စား ပွဲဝိုင်းတွင်တွေ့ဆုံနိုင်ရန်အတွက်လည်းကောင်း၊ စစ်ရေးနည်းဖြင့်သော်လည်းကောင်း၊ သံတမန် နည်းဖြင့်သော်လည်းကောင်း တိုင်းပြည်၏ အကျိုးကို ဦးထိပ်ထားပြီး အာဏာရှင်အဆက်ဆက်တို့နှင့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ၎င်းတို့၏ ကြိုးစားအား ထုတ်မှုများမှာ ကမ္ဘာအသိဖြစ်ပါသည်။ မဆလ၊ န၀တ၊ မဆလ၊ နအဖနှင့် ယခု ကြံ့ဖွံ့အစိုးရအထိ ၎င်းအစိုးရအဆက် ဆက်တို့သည် အာဏာ ဂုဏ်မောက်နေရုံမက အာဏာကိုလက်လွတ်ဆုံးရှုံးခံမည်ကို အစိုးရိမ်လွန်၍ ၎င်းတို့ကိုဆန့်ကျင်သူမှန် သမျှ၊ ဝေဖန်သူမှန် သမျှ ထောင်သွင်းအကျဉ်းချကာ ပြည်သူတို့၏ နိုင်ငံရေးယှဉ်သန်ရပ်တည်မှုများကို ရိုက်ချိုးဖျက်ဆီး လျှက်ပင်ဖြစ်သည်။

လွန်ခဲ့သော ၁၅ နှစ် ၀န်းကျင်ခန့်က တိုင်းရင်းသားအတော်များများနှင့် ကရင့်တော်လှန်ရေးအတွင်း ခွဲ ထွက်ကာ အာဏာရှင်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သော ကရင်ဟောင်သရောငြိမ်းချမ်းရေးအဖွဲ့၊ ပဒို အောင်ဆန်းငြိမ်းချမ်းရေးအဖွဲ့၊ ဒီကေဘီအေ နှင့် မကြာသေးမီ ဗိုလ်မှူးချုပ်ထိန်မောင်အဖွဲ့စသည်ဖြင့် ငြိမ်းချမ်းရေးယူခဲ့ကြသော်လည်း နိုင်ငံရေးပြသ နာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းနိုင်ခဲ့သည့်အပြင် ယနေ့ တိုက်ပွဲများ မြန်မာပြည်ပတ်ပတ်လည် ဖြစ်ပေါ်လာသည်မှာ ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးသော တိုင်းရင်းသား တို့၏ တာဝန်မဟုတ်ဘဲ စစ်အစိုးရတို့၏ ကောက်ကျစ်ယုတ်မာမှုကို မျက်ဝါးထင် ထင် မြင် နိုင်ကြပါသည်။

ယနေ့ကရင်လူငယ်များသည် ကရင့်သမိုင်း၊ ဗမာပြည်နိုင်ငံရေးသမိုင်းနှင့် ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်ပြောင်း လဲမှုသမိုင်းတို့ကို လေ့လာကာကရင်အမျိုးသားတို့၏ နှစ်ရှည်လများ တောင့်တလိုလားသော ပြည်တွင်းငြိမ်း ချမ်းရေး၊ ဒီမိုကရေစီအစိုးရပေါ်ထွန်းရေး၊ တိုင်းရင်းသားတို့၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးအ တွက် နိုင်ငံရေးစားပွဲဝိုင်းတွင် မြန်မာပြည်၏မဖြေရှင်းနိုင်ခဲ့သော နိုင်ငံရေးပြသနာများကို ဖြေရှင်းနိုင်ရန်အတွက် ယနေ့ကရင်လူငယ်များအပေါ်တွင် ကျရောက်နေပြီဖြစ်ပါသည်။ ကရင်လူငယ် များ နိုင်ငံရေးအဆင့်အတန်း တိုးတက်ကြပါစေ။

နန့်ဇိုယာဖန်း

ဇိုယာဖန်းဟာ အင်မတန်မှ နိုင်ငံရေးမှာ တက်ကြွတဲ့ ကရင်အမျိုးသမီးတယောက်ဖြစ် ပါတယ်။ မွေးရကျိုးနပ်တယ်လို့ ကရင်ခေါင်းဆောင်များက ပြောကြပါတယ်။ သူဟာ ခေတ်ပညာတတ်ဆိုပေမယ့် ဘ၀မြင့်ခြင်း၊ ကိုယ်ကျိုးအတွက် မလုပ်ဆောင်ဘဲ ကရင်အမျိုးသားလွတ်မြောက်ရေးအတွက်နှင့် ဗမာပြည်၏ဒီမိုကရေစီနိုင်ငံရေးလောကတွင် စတင်ခြေချနေသူဖြစ်ပါတယ်။ ၎င်းအား မချီးကျုးဘဲ မနေနိုင်ကြပါ။

မြန်မာစစ်သား ၆ ဦးကို KIA ဖမ်းဆီး

Sunday, June 19, 2011

သောကြာ, 17 ဇွန် 2011 နူးပန်

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နဲ့ မြန်မာအစိုးရအကြား တိုက်ပွဲတွေဟာ ပိုပြီး ပြင်းထန်လာသလို အထိအခိုက် အကျအဆုံးတွေလည်း ပိုလာပါတယ်။ KIA ဘက်က ပြည်တွင်းစစ်အထိ တိုက်သွားမယ်လို့ စစ်ကြေညာပြီး ၃ ရက်အကြာဒီကနေ့အထိ KIA ဘက်က တိုးစစ်ဆင်နိုင်တဲ့ အနေအထားတော့ မရှိသေးပါဘူး။ ထိုးစစ်ဆင်လာတဲ့ မြန်မာစစ်တပ်တွေကို ခံစစ်အနေနဲ့ တိုက်ခိုက်နေရဆဲ ရှိပါတယ်။ ဒါပေမဲ့
 စစ်သားတွေ တင်ဆောင်လာတဲ့မြန်မာစစ်ကား အချို့ကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ပြီး မြန်မာဘက်က စစ်သား၆ ဦးကို ဖမ်းဆီးထားလိုက်နိုင်တယ်လို့ KIA အရာရှိတွေက ပြောပါတယ်။ KIA နဲ့ မြန်မာအစိုးရ တပ်တွေအကြား တိုက်ပွဲ နောက်ဆုံးအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ဟာ အစိုးရတပ်တွေ လက်နက်ကြီးတွေနဲ့ စစ်အင်အားတွေ သယ်ယူပို့ဆောင်မှုကို ဖြတ်တောက်တဲ့ အနေနဲ့ တံတားတွေ ဖောက်ခွဲခဲ့ရာမှာ တပ်ရင်းမှူးနဲ့ တပ်သားတွေ ၁၀ ယောက်ထက်မနည်း ကျသွားခဲ့ပြီး ၆ ယောက် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဗဟို KIO အရာရှိတွေက အတည်ပြု ပြောပါတယ်။
KIA တပ်မဟာ ၂ ရှိရာ တနိုင်းဘက်မှာ မြန်မာတပ် ခမရ ၂၉၇ က အမြောက်ကားတွေ၊ လက်နက်ကြီးတွေနဲ့အတူ ချဉ်းကပ်လာချိန်မှာ ပစ်ခတ်ခဲ့ပြီး တံတားနဲ့အတူ ကားကို ဗုံးဖောက်ခွဲ ဖျက်ဆီးခဲ့ရာမှာ ၁၀ ယောက် ကျသွားတာလို့ KIA အရာရှိ တယောက်က ကချင်လို အတည်ပြု ပြောပါတယ်။
“ကားဖောက်ခွဲဖြစ်တာကတော့ ဗန်းမော်လမ်းဘက်မှာ ရှိတယ်၊ တနိုင်းလမ်းဘက်မှာ ရှိတယ်။ သူတို့ဘက်ကနေ ထိုးစစ်ဆင်လာတာမျိုး ဖြစ်လာတာကို ကျနော်တို့ဘက်ကနေ ပစ်တယ်ဆိုတာမျိုးပဲ ရှိပါတယ်။ တနိုင်းလမ်းဘက်က ယုဇနကုမ္ပဏီ လုပ်ထားတဲ့ တံတားမှာ အဲဒီက တပ်ရင်းမှူးတွေ လာကြည့်ပြီး လာတိုက်တာပေါ့။ အဲဒီမှာ ဖောက်ခွဲလိုက်တာ။”
အဓိက KIA ဘက်က မြန်မာတပ်တွေရဲ့ လက်နက်ကြီးတွေ ဖြတ်လို့မရအောင် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး အခုချိန်ထိ တံတား ၁၀ စင်းအထက် ဖျက်ဆီးခဲ့ပြီလို့လည်း အရာရှိတွေက ပြောပါတယ်။
မြန်မာတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားချိန်တွင်း ကား ၂ စီးကို ဖောက်ခွဲခဲ့တာဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ မန္တလေး ကားလမ်း အရှေ့ဘက် မူဆယ် နမ့်ဖတ်ကာကြား တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ နယ်မြေ နမ့်မတူရွာက မြန်မာတပ် ခြေမြန်တပ်ရင်း ၃၄၂ စခန်းမှူး အပါအ၀င် တပ်သားတွေကို ဖမ်းဆီးခဲ့ခြင်း ဖြစ်တယ်လို့ ဆက်ပြောပါတယ်။
“ကျနော်တို့ ပို့စ် တပ်ရင်း ၈ ကပါ။ အဲဒီကနေ မြန်မာစစ်တပ်တွေရှိတဲ့ ရွာမှာ ၀င်ပြီး သေနတ်တော့ ပါပေမဲ့ မဖောက်ခွဲဘူး။ တပ်ရင်းမှူး အပါအ၀င် တပ်သားတွေ ၆ ယောက်ကို ဖမ်းလိုက်တယ်။ အကြိတ်အနယ် ပစ်ခတ်ကြတာတော့ မရှိသေးဘူး။ ဟိုမှာနည်းနည်း၊ ဒီမှာနည်းနည်း ပြောက်ကျား ပစ်ခတ်တာမျိုးတော့ ရှိတယ်။ ကျနော်တို့ဘက်ကလည်း ပရမ်းပတာ မလုပ်သေးပါဘူး။”
ဒီကနေ့ မနက်ပိုင်းမှာလည်း KIO ဌာနချုပ် လိုင်ဇာသွားလမ်း KIO မလိချောင်းရေ ရေအားလျှပ်စစ် ထုတ်လုပ်တဲ့ နေရာမှာ မြန်မာတပ်တွေနဲ့ တိုက်ပွဲငယ် ၂ နာရီခန့် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ နှစ်ဘက် အကျအဆုံး မရှိပေမဲ့ အခုချိန်ဒဘတ်ရွာတွင်း မြန်မာစစ်တပ်တွေကတပ်ချနေတဲ့ အတွက် ဒေသ ခံတွေက ကြောက် လန့်နေကြပါတယ်။
 ခုချိန်မှာလည်း KIO ခေါင်းဆောင်တွေနဲ့ ကချင်အမျိုးသားများ အတိုင်ပင်ခံ အဖွဲ့တို့ဟာ ရှေ့ခရီးအတွက် ဌာနချုပ် လိုင်ဇာမှာ အစည်းအဝေး ပြုလုပ်နေပြီး တဘက်မှာလည်း မြန်မာစစ်တပ်နဲ့ KIA တပ်ရင်း ၅ ဆင်ဘိုမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ အရာရှိတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် တရုတ်ပြည်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဗန်းမော် ဒေသခံတွေဟာ မြန်မာတပ်တွေက ညမထွက်ရအမိန့် ထုတ်ထားတဲ့အတွက် လူငယ်တွေကလည်း ကြောက်လန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
KIA တပ်မဟာ ၁ နယ်မြေနဲ့ နီးစပ်တဲ့ ရပ်ရွာတွေမှာ အာဏာပိုင်တွေက တံတားတွေကို လုံခြုံရေးယူ စောင့်ကြည့်ခိုင်းထားတယ်လို့ တန်ဖရဲ ဒေသခံ အမျိုးသမီးက ကချင်လို ပြောပါတယ်။
“ရွာက တံတားတွေမှာတော့ ကိုယ့်ရပ်ရွာက တံတားမှာ ကိုယ်စောင့်ရမယ်လို့ ပြောတယ်။ အခု ရွာအောက်ပိုင်းက တံတားမှာကျတော့ မီးသတ်အဖွဲ့တွေက စောင့်နေတယ်။ ရွာထိပ်ဘက်မှာကျတော့ ရွာသားတွေ ၇ အိမ် တလှည့်စီ စောင့်ကြည့်ခိုင်းနေတယ်။ တံတားတွေက ရွာတ၀ိုက်မှာ အကြီးအသေး ရှိတယ်လေ။”
နောက် မြစ်ကြီးနား မြို့တွင်းမှာလည်း မြန်မာတပ်တွေ လုံခြုံရေး အပြည့်ယူထားပြီး မီးသတ်၊ ရဲတွေက စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
KIA က ခံစစ်ကို ဦးတည် တိုက်ခိုက်နေပြီး မြန်မာတပ်တွေက လက်နက်ကြီးတွေနဲ့ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေဆဲ ဖြစ်တဲ့အတွက် မြန်မာနဲ့ KIA ကြား စစ်ပွဲဟာ ချက်ချင်း တည်ငြိမ်သွားဖို့ အခြေအနေ မရှိဘူးလို့လည်း ကချင် နိုင်ငံရေးသမားတွေက သုံးသပ်နေကြပါတယ်။
အခုချိန် တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်တွေ တရုတ်နိုင်ငံဘက်ကို အဆက်မပြတ် ထွက်ပြေး တိမ်းရှောင်နေကြပြီး လူဦးရေ ၁၀,၀၀၀ ကျော် ရှိနေပြီလို့လည်း KIA အရာရှိတွေက ပြောပါတယ်။

ငွေပေး၍ ဗုံးခွဲရန် ခိုင်းစေဟု အစိုးရ စွပ်စွဲချက်အပေါ် KNU ငြင်းဆို

18 Jun 2011
စောခါစူးညား (ကေအိုင်စီ)

ပြည်သူများကို ငွေကြေးမက်လုံးပေး၍ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဗုံးခွဲခိုင်းရန် ခိုင်းစေနေသည်ဟု ယနေ့ထုတ် မြန် မာအစိုးရပိုင် သတင်းစာ၏ စွပ်စွဲဖော်ပြထားချက်အပေါ် မဟုတ်မှန်ကြောင်း KNU က ငြင်းဆိုတုံ့ပြန်လိုက်သည်။
ဇွန်လ ၁၂ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရမြို့နယ် မြို့မဈေးရှိ အများပြည်သူသုံးသန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲ၍အပြစ်မဲ့ ပြည်သူ ၃ဦး ထိခိုက်မှုတွင် KNU က ကျပ်သိန်း ၃၀ မက်လုံးပေးကာခိုင်းစေခဲ့သည့် အသက် ၃၅နှစ်အရွယ် အောင်ကိုလတ်(ခ) အောင်ကြီးဆိုသူအား ဖမ်းဆီးရမိထားသည်ဟု အစိုးရသတင်းစာ၏ စွပ်စွဲဖော်ပြချက်ကို ကေအဲန်ယူက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

KNU ဒု-ဥက္ကဌ စောဒေးဗစ်သကဘောက “ဒါတွေဟာ သူတို့ မတရား လုပ်ကြံအကွက်ဆင်တာ ဖြစ်တယ်။ လုပ်ကြံဝါဒဖြန့်တာ လည်း ဖြစ်တယ်။ ကျနော်တို့ KNU မှာ အကြမ်းဖက်တဲ့ ပေါ်လစီ မရှိဘူး။ ဒါ ရှင်းရှင်းလေးပဲ။ ဒီလို မတရားစွပ်စွဲမှုတွေဟာ ဟိုး နေ၀င်း(အာဏာရှင်ဟောင်း) လက်ထက်တုန်းကလည်း ဒီအတိုင်းပဲ။ ဒါသူတို့လုပ်နေကျ ဇာတ်ကွက်တစ်ခုပဲ။”ဟု ကေအိုင်စီကို ပြောသည်။

ဆက်လက်၍ သူက “မြန်မာစစ်အစိုးရဟာ မဟာဝါဒကို စွဲကိုင်ထားတာဖြစ်တဲ့အတွက် အာဏာတည်မြဲဖို့ ဒီလို လုပ်ကြံဝါဒဖြန့် တာတွေက လုပ်ရိုးလုပ်စဉ်ဖြစ်နေပြီ။ အခု ကချင်မှာ ဖြစ်တဲ့ကိစ္စဟာလည်း လူတွေကို အာရုံပြောင်းဖို့အတွက် လုပ်တာလည်း ဖြစ်နိုင်တယ်။”ဟု သုံးသပ်ပြောဆိုသည်။

အစိုးရသတင်းစာက သန့်စင်ခန်းအတွင်း ဗုံးလာရောက်ထားရှိသူ အောင်ကိုလတ် (ခ) အောင်ကြီးသည် KNU တပ်မဟာ(၂)မှ ဖောက်ခွဲရေး တာဝန်ခံတစ်ဦးနှင့် သုံးကြိမ်ခန့် တွေ့ဆုံခဲ့ပြီးနောက် အခကြေးငွေ တစ်သိန်းအရင်ယူထားကာ နေပြည်တော်တွင် ဗုံးဖောက်ခွဲရန် စီစဉ်ခဲ့ကြောင်း ဖော်ပြထားသော်လည်း KNU တပ်မဟာ(၂)မှ ဗုံးဖောက်ခွဲရေးတာဝန်ခံ၏ အမည်နှင့် မည်သည့် တပ်ရင်းမှ ဖြစ်သည်ကိုမူ အတိအကျ ဖော်ပြထားခြင်း မရှိပေ။

အစိုးရသည် မြန်မာပြည်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်တိုင်း KNU လက်ချက်ဟု စွပ်စွဲပြောဆိုလေ့ရှိပြီး မေလ ၁၈ရက်နေ့က တပ် ကုန်းမြို့နယ်၊ ရွှေမြို့ဘူတာနှင့် ဆင်သေဘူတာအကြား ပြည်သူ ၂ဦးသေဆုံး၍ ၉ဦး ဒဏ်ရာရရှိခဲ့သည့် မီးရထားပေါ်မှ ဗုံးပေါက် ကွဲမှုတွင် KNU က ခိုင်းစေခဲ့သည့် ကျော်ဒီ (ခ) မာရီနိုဆိုသူကို ဖမ်းဆီးမိထားသည်ဟုလည်း အစိုးရသတင်းစာတွင် ဖော်ပြထား သည်။

Friday, May 27, 2011

သမ္မတဦးသိန်းစိန်၏ တရုတ်ခရီးစဉ်အပေါ် ကချင်ဘက်မှ အမြင်များ

Friday, 27 May 2011 14:40 KNG  

မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ တရုတ်ပြည် ခရီးစဉ်နှင့်ပတ်သက်၍ ကချင်အဖွဲ့အစည်းများ အကြား အယူအဆ အမျိုးမျိုး ရှိနေကြသည်။

ရာစုနှစ်ဝက်ကျော်ကြာအောင် ကချင်တိုင်းရင်းသားများ ရပိုင်ခွင့် တိုက်ပွဲဝင်လာသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က တစုံတရာမျှော်လင့်ချက်မျိုး မထားရှိကြောင်း ပြောသည်။

“KIO အနေနဲ့ ဦးသိန်းစိန် ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောစရာ မရှိပါဘူး။ သူသွားလည်း ဘာမှ အကျိုးဖြစ်မှာ မဟုတ်ဘူး။ ဖြစ်လာစရာ အကြောင်းလည်း မရှိဘူး။ ဘာမှလည်း မမျှော်လင့်ပါဘူး။ အရင်ကလည်း သမ္မတ ဦးသိန်းစိန်ကို ဘာမှ မပြောခဲ့သလို၊ ခုလည်း ပြောစရာ မရှိပါဘူး။” ဟု KIO ဗဟိုကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောသည်။
KIO ကို “သောင်းကျန်းသူ” ဟု မြန်မာအစိုးရက ခေါ်ဆိုလိုက်သည့် ၂၀၁၀ စက်တင်ဘာလ နောက်ပိုင်း KIO နှင့် မြန်မာစစ်တပ် အကြား စစ်ရေး တင်းမာမှုများ ဖြစ်ပေါ်နေသည်။

ကချင်လူမျိုးစုအတွက် ကိုယ်စားပြုသည့် ပါတီဟု ဆိုနေသည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ခါတော်မှီ ဖွဲ့စည်းလိုက်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) (UDPKS) မှ အတွင်းရေးမှူး ဦးဖောင်လာဂမ်ဖန် ကမူ ဦးသိန်းစိန်၏ ခရီးစဉ်နှင့်ပတ်သက်၍ မျှော်လင့်စရာများ ရှိနေသည်ဟု ယူဆသည်။

“ကချင်ပြည်နယ်အတွက်က စီးပွားရေးလမ်းတွေ ပွင့်လာမယ်။ နောက်ပြီး ခုကျတော်တို့ နေနေတာက နယ်စပ်မှာလေ။ အဓိကတော့ ငြိမ်းချမ်းရေး ဖြစ်စေချင်တယ်၊ အရှေ့ပိုင်းမှာ နေ နေတဲ့ တရုတ်အနေနဲ့လည်း ငြိမ်းချမ်းရေးကို ပို လုပ်ပေးနိုင်မယ်လို့ ကျတော်တို့ မျှော်လင့်ပါတယ်။”

UDPKS ပါတီသည် စစ်ဗိုလ်ချုပ်ဟောင်းများ လူဝတ်လဲထားသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ မဟာမိတ်ပါတီ ဖြစ်သည်။

တရုတ် - မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ အစိုးရနှစ်ရပ် ပိုမို အကျိုးဖြစ်ထွန်းရန်အတွက်သာ ဦးတည် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု တရုတ် - မြန်မာ နယ်စပ်ရေးရာ ကျွမ်းကျင်သူ ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“အစိုးရနဲ့ အကျိုးစီးပွားတူတူ လုပ်ကြတာပါပဲ။ မြန်မာပြည်သူများအတွက်တော့ ဘာမှ အကျိုး မဖြစ်လာနိုင်ပါဘူး။ သူတို့ ပိုရင်းနှီးဆက်ဆံလေ ပြည်သူအတွက် အနုတ်လက္ခဏာပဲ ရှိတာ။ တရုတ်ကတော့ တိုင်းပြည်အေးချမ်းအောင် အစွမ်းကုန် လုပ်ဆောင်နေတာပဲ။ ကချင်မြောက်ပိုင်းနဲ့ ရှမ်းနယ်စပ် ဒေသတွေမှာ ငြိမ်းချမ်းဖို့အတွက်လဲ မြန်မာအစိုးရကို  တိုက်တွန်းနေတာပဲ” ဟု သုံးသပ်ပြောဆိုသည်။

မြန်မာ အစိုးရသစ်ဖွဲ့စည်းပြီးနောက်ပိုင်း ဧပြီလဆန်း၌ တရုတ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ မစ္စတာ ကျာချင်းလင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာရာ သမ္မတ ဦးသိန်းစိန်အား နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာ အစိုးရအနေနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကို ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်သည့်အကြောင်း ပြောဆိုသွားခဲ့သည်ဟု ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ ယခု ခရီးစဉ်သည် ပထမဦးဆုံး နိုင်ငံခြား ချစ်ကြည်ရေး ခရီးစဉ် ဖြစ်သည်။ ဦးသိန်းစိန် ဦးဆောင်သည့် စစ်တပ် ကျောထောက်နောက်ခံပြု ကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရသစ်ကို ပထမဆုံး အသိအမှတ်ပြု သ၀ဏ်လွှာ ပေးပို့သည့် နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်သည်။

Wednesday, May 18, 2011

ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီကို အသစ်ပြန်လည်ဖွဲ့စည်းပြီး


ဆူးပန်း၊ ကောင်းဝါသတင်းဌာန
ကဆုန်လပြည့် ၁၅ရက်။မေ ၁၇၊၂၀၁၁။

ဆူးပန်း (မေ-၁၇)။     ။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကမှ ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖက်ဒရယ်ကောင်စီအဖွဲ့ကိုလည်း တဖန်ပြန်လည်ပြောင်းလဲဖွဲ့စည်းခဲ့သည် ဟု အဖွဲ့၏ပြောရေး ဆိုခွင့်ရှိသူ နိုင်ဟံသာမှပြောပါသည်။

အဖွဲ့၏သဘောထားကိုလည်း မေလ(၁၆)ရက် နေ့တွင်ထုတ်ပြန်ကျေညာခဲ့ ပါသည်။ ပြောင်းလဲဖွဲ့စည်းရသည့် အခြေအနေကို နိုင်ဟံသာမှယခုလိုရှင်းပြပါသည်။
“ကျွန်တော်တို့ကအရင်တုံးကဖွဲ့စည်းတဲ့နေရာမှာ နိုင်ငံရေးဦးဆောင်အဖွဲ့ဆိုပြီးတော့ သီးခြားဖွဲ့စည်းထား တယ်။ အခုက အဲဒီနိုင်ငံရေးဦးဆောင်အဖွဲ့ကိုကျွန်တော်တို့သီးသန့်မထားတော့ဘူး။အဓိကကတော့ ကောင်
စီအဖွဲ့ဝင်နဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်နဲ့ဒီလိုဘဲ နှစ်ဆင့်ဘဲထားလိုက်တယ်လေ။ အဲတာလဲ အသစ်ဖွဲ့ စည်းတဲ့ပုံစံပါဘဲ။ အဲဒီလိုပုံစံနဲ့ပြန်ပြင်ဆင်လိုက်တာပါ။ နောက်ပြီးတော့မှ အရင်ကရွေး ထားတဲ့ ဗဟိုအလုပ် အမှုဆောင်သစ်တွေကိုလဲ    အသစ်ပြန်လည်ဖွဲ့စည်းလိုက်တယ်။ ဒီဗိုလ်ချုပ်အင်ဘန်လှက ဥက္ကဌဖြစ်လာ တယ်။ ဗိုလ်ချုပ်ကြီးမူးတူးက အခုကတော့ဒီကာကွယ်ရေးဌာနတာဝန်ခံနဲ့ စစ်ဦးစီးချုပ်ဖြစ်ပါတယ်။ အခု အပါတ်ကတော့ အချင်းချင်းညှိနှိုင်းပြီးတော့မှ အဆင်ပြေမဲ့ပုံစံနဲ့သာ ဖွဲ့စည်းတဲ့သဘောဖြစ်တယ်လေ။”

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီတွင်ပါဝင်သော တိုင်းရင်းသားအဖွဲ့ (၁၂)ဖွဲ့ ကိုလည်း  အခုအစည်းအဝေးတွင် အခြေအနေမတူညီသည့်အဖွဲ့များကို ခွဲခြားပြီးပြန်လည်ဖွဲ့စည်းခဲ့သည်ဟု နိုင်ဟံသာ က ပြောပါသည်။

“အခုကအခြေခံအဖွဲ့အစည်းနဲ့ ကျန်တာတွေကတော့ ဒီဆက်စပ်အဖွဲ့အစည်းဆိုပြီးတော့မှ (၂)မျိုးလုပ်လိုက် တယ်။ အခြေခံအဖွဲ့အစည်းဆိုတာက ခိုင်မာတဲ့နိုင်ငံရေးအဖွဲ့အစည်းရှိရမယ်။ နောက်ပြီးတော့ခိုင်မာတဲ့ တပ်မတော်ရှိရမယ်။ နောက်အခြေခံနယ်မြေရှိရမယ်။ အခြေခံပြည်သူလူထုရှိရမယ်ဆိုတဲ့အဲဒီအဖွဲ့တွေနဲ့ အခြေခံအဖွဲ့အစည်းအနေနဲ့ထားပြီးတော့မှ ကျန်တဲ့အဖွဲ့တွေကို ဆက်စပ်ပူး ပေါင်းတဲ့အဖွဲ့အစည်းအနေနဲ့ အဲဒီလိုပေါင်းစည်းလိုက်တယ်။ ဒါကအလုပ်လုပ်တဲ့နေရာမှာ နိုင်ငံရေးမှာရော စစ်ရေးမှာရော အကောင် အထည်ဖေါ်တဲ့နေရာမှာ ပိုမိုထိရောက်စေချင်လို့ပေါ့လေ။”

တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့်ဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်များကို အစိုးရမှစစ်ရေးအရထိုးစစ်ဆင်ဆင်လာမည်ဆိုလျှင် စုပေါင်းပြီး ခုခံကာ ကွယ်သွားမှာဖြစ်သလိုတဖက်တွင်လည်း  ပြည်တွင်းငြိမ်းချမ်းရေးအတွက်နိုင်ငံရေးနည်းလမ်းအရတွေ့ဆုံရန် ကမ်းလှမ်းလာလျှင် ဆွေးနွေးသွားရန်အဆင်သင့်ရှိကြောင်းနိုင်ဟံသာ ကပြောပါသည်။

အဖွဲ့အနေနှင့် ပြည်တွင်းစစ်ကြီးကျယ်ပြန့်သွားအောင်လုပ်ဆောင်ဖို့အစီအစဉ်မရှိသလို နိုင်ငံရေးနည်းလမ်း အရ တွေ့ဆုံဆွေးနွေးရန်အတွက်အတွက် အစိုးရအနေနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် ထိုး စစ် ဆင်မှုကို ရပ်တန့်ပေးရန်လိုအပ်ကြောင်း နိုင်ဟံသာကပြောသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအနေနှင့် ပြည်တွင်းစစ်ကိုနိုင်ငံရေးနည်းလမ်းဖြင့်
တွေ့ဆုံဆွေးနွေးအဖြေရှာချင်သော်လည်း စစ်အစိုးရအနေနှင့်စစ်ရေးအရဖြေရှင်းတိုက်ခိုက်လာမည်ဆိုလျှင် အချင်း ချင်း ပူးပေါင်းပြီးခုခံတော်လှန်သွားမည်ဟု ကျေညာချက်တွင်ထုတ်ပြန်ထားပါသည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons