Friday, May 27, 2011

သမ္မတဦးသိန်းစိန်၏ တရုတ်ခရီးစဉ်အပေါ် ကချင်ဘက်မှ အမြင်များ

Friday, 27 May 2011 14:40 KNG  

မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ တရုတ်ပြည် ခရီးစဉ်နှင့်ပတ်သက်၍ ကချင်အဖွဲ့အစည်းများ အကြား အယူအဆ အမျိုးမျိုး ရှိနေကြသည်။

ရာစုနှစ်ဝက်ကျော်ကြာအောင် ကချင်တိုင်းရင်းသားများ ရပိုင်ခွင့် တိုက်ပွဲဝင်လာသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က တစုံတရာမျှော်လင့်ချက်မျိုး မထားရှိကြောင်း ပြောသည်။

“KIO အနေနဲ့ ဦးသိန်းစိန် ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောစရာ မရှိပါဘူး။ သူသွားလည်း ဘာမှ အကျိုးဖြစ်မှာ မဟုတ်ဘူး။ ဖြစ်လာစရာ အကြောင်းလည်း မရှိဘူး။ ဘာမှလည်း မမျှော်လင့်ပါဘူး။ အရင်ကလည်း သမ္မတ ဦးသိန်းစိန်ကို ဘာမှ မပြောခဲ့သလို၊ ခုလည်း ပြောစရာ မရှိပါဘူး။” ဟု KIO ဗဟိုကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောသည်။
KIO ကို “သောင်းကျန်းသူ” ဟု မြန်မာအစိုးရက ခေါ်ဆိုလိုက်သည့် ၂၀၁၀ စက်တင်ဘာလ နောက်ပိုင်း KIO နှင့် မြန်မာစစ်တပ် အကြား စစ်ရေး တင်းမာမှုများ ဖြစ်ပေါ်နေသည်။

ကချင်လူမျိုးစုအတွက် ကိုယ်စားပြုသည့် ပါတီဟု ဆိုနေသည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ခါတော်မှီ ဖွဲ့စည်းလိုက်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) (UDPKS) မှ အတွင်းရေးမှူး ဦးဖောင်လာဂမ်ဖန် ကမူ ဦးသိန်းစိန်၏ ခရီးစဉ်နှင့်ပတ်သက်၍ မျှော်လင့်စရာများ ရှိနေသည်ဟု ယူဆသည်။

“ကချင်ပြည်နယ်အတွက်က စီးပွားရေးလမ်းတွေ ပွင့်လာမယ်။ နောက်ပြီး ခုကျတော်တို့ နေနေတာက နယ်စပ်မှာလေ။ အဓိကတော့ ငြိမ်းချမ်းရေး ဖြစ်စေချင်တယ်၊ အရှေ့ပိုင်းမှာ နေ နေတဲ့ တရုတ်အနေနဲ့လည်း ငြိမ်းချမ်းရေးကို ပို လုပ်ပေးနိုင်မယ်လို့ ကျတော်တို့ မျှော်လင့်ပါတယ်။”

UDPKS ပါတီသည် စစ်ဗိုလ်ချုပ်ဟောင်းများ လူဝတ်လဲထားသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ မဟာမိတ်ပါတီ ဖြစ်သည်။

တရုတ် - မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ အစိုးရနှစ်ရပ် ပိုမို အကျိုးဖြစ်ထွန်းရန်အတွက်သာ ဦးတည် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု တရုတ် - မြန်မာ နယ်စပ်ရေးရာ ကျွမ်းကျင်သူ ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“အစိုးရနဲ့ အကျိုးစီးပွားတူတူ လုပ်ကြတာပါပဲ။ မြန်မာပြည်သူများအတွက်တော့ ဘာမှ အကျိုး မဖြစ်လာနိုင်ပါဘူး။ သူတို့ ပိုရင်းနှီးဆက်ဆံလေ ပြည်သူအတွက် အနုတ်လက္ခဏာပဲ ရှိတာ။ တရုတ်ကတော့ တိုင်းပြည်အေးချမ်းအောင် အစွမ်းကုန် လုပ်ဆောင်နေတာပဲ။ ကချင်မြောက်ပိုင်းနဲ့ ရှမ်းနယ်စပ် ဒေသတွေမှာ ငြိမ်းချမ်းဖို့အတွက်လဲ မြန်မာအစိုးရကို  တိုက်တွန်းနေတာပဲ” ဟု သုံးသပ်ပြောဆိုသည်။

မြန်မာ အစိုးရသစ်ဖွဲ့စည်းပြီးနောက်ပိုင်း ဧပြီလဆန်း၌ တရုတ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ မစ္စတာ ကျာချင်းလင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာရာ သမ္မတ ဦးသိန်းစိန်အား နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာ အစိုးရအနေနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကို ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည်သည့်အကြောင်း ပြောဆိုသွားခဲ့သည်ဟု ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ ယခု ခရီးစဉ်သည် ပထမဦးဆုံး နိုင်ငံခြား ချစ်ကြည်ရေး ခရီးစဉ် ဖြစ်သည်။ ဦးသိန်းစိန် ဦးဆောင်သည့် စစ်တပ် ကျောထောက်နောက်ခံပြု ကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရသစ်ကို ပထမဆုံး အသိအမှတ်ပြု သ၀ဏ်လွှာ ပေးပို့သည့် နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်သည်။

Wednesday, May 18, 2011

ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီကို အသစ်ပြန်လည်ဖွဲ့စည်းပြီး


ဆူးပန်း၊ ကောင်းဝါသတင်းဌာန
ကဆုန်လပြည့် ၁၅ရက်။မေ ၁၇၊၂၀၁၁။

ဆူးပန်း (မေ-၁၇)။     ။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကမှ ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖက်ဒရယ်ကောင်စီအဖွဲ့ကိုလည်း တဖန်ပြန်လည်ပြောင်းလဲဖွဲ့စည်းခဲ့သည် ဟု အဖွဲ့၏ပြောရေး ဆိုခွင့်ရှိသူ နိုင်ဟံသာမှပြောပါသည်။

အဖွဲ့၏သဘောထားကိုလည်း မေလ(၁၆)ရက် နေ့တွင်ထုတ်ပြန်ကျေညာခဲ့ ပါသည်။ ပြောင်းလဲဖွဲ့စည်းရသည့် အခြေအနေကို နိုင်ဟံသာမှယခုလိုရှင်းပြပါသည်။
“ကျွန်တော်တို့ကအရင်တုံးကဖွဲ့စည်းတဲ့နေရာမှာ နိုင်ငံရေးဦးဆောင်အဖွဲ့ဆိုပြီးတော့ သီးခြားဖွဲ့စည်းထား တယ်။ အခုက အဲဒီနိုင်ငံရေးဦးဆောင်အဖွဲ့ကိုကျွန်တော်တို့သီးသန့်မထားတော့ဘူး။အဓိကကတော့ ကောင်
စီအဖွဲ့ဝင်နဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်နဲ့ဒီလိုဘဲ နှစ်ဆင့်ဘဲထားလိုက်တယ်လေ။ အဲတာလဲ အသစ်ဖွဲ့ စည်းတဲ့ပုံစံပါဘဲ။ အဲဒီလိုပုံစံနဲ့ပြန်ပြင်ဆင်လိုက်တာပါ။ နောက်ပြီးတော့မှ အရင်ကရွေး ထားတဲ့ ဗဟိုအလုပ် အမှုဆောင်သစ်တွေကိုလဲ    အသစ်ပြန်လည်ဖွဲ့စည်းလိုက်တယ်။ ဒီဗိုလ်ချုပ်အင်ဘန်လှက ဥက္ကဌဖြစ်လာ တယ်။ ဗိုလ်ချုပ်ကြီးမူးတူးက အခုကတော့ဒီကာကွယ်ရေးဌာနတာဝန်ခံနဲ့ စစ်ဦးစီးချုပ်ဖြစ်ပါတယ်။ အခု အပါတ်ကတော့ အချင်းချင်းညှိနှိုင်းပြီးတော့မှ အဆင်ပြေမဲ့ပုံစံနဲ့သာ ဖွဲ့စည်းတဲ့သဘောဖြစ်တယ်လေ။”

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီတွင်ပါဝင်သော တိုင်းရင်းသားအဖွဲ့ (၁၂)ဖွဲ့ ကိုလည်း  အခုအစည်းအဝေးတွင် အခြေအနေမတူညီသည့်အဖွဲ့များကို ခွဲခြားပြီးပြန်လည်ဖွဲ့စည်းခဲ့သည်ဟု နိုင်ဟံသာ က ပြောပါသည်။

“အခုကအခြေခံအဖွဲ့အစည်းနဲ့ ကျန်တာတွေကတော့ ဒီဆက်စပ်အဖွဲ့အစည်းဆိုပြီးတော့မှ (၂)မျိုးလုပ်လိုက် တယ်။ အခြေခံအဖွဲ့အစည်းဆိုတာက ခိုင်မာတဲ့နိုင်ငံရေးအဖွဲ့အစည်းရှိရမယ်။ နောက်ပြီးတော့ခိုင်မာတဲ့ တပ်မတော်ရှိရမယ်။ နောက်အခြေခံနယ်မြေရှိရမယ်။ အခြေခံပြည်သူလူထုရှိရမယ်ဆိုတဲ့အဲဒီအဖွဲ့တွေနဲ့ အခြေခံအဖွဲ့အစည်းအနေနဲ့ထားပြီးတော့မှ ကျန်တဲ့အဖွဲ့တွေကို ဆက်စပ်ပူး ပေါင်းတဲ့အဖွဲ့အစည်းအနေနဲ့ အဲဒီလိုပေါင်းစည်းလိုက်တယ်။ ဒါကအလုပ်လုပ်တဲ့နေရာမှာ နိုင်ငံရေးမှာရော စစ်ရေးမှာရော အကောင် အထည်ဖေါ်တဲ့နေရာမှာ ပိုမိုထိရောက်စေချင်လို့ပေါ့လေ။”

တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့်ဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်များကို အစိုးရမှစစ်ရေးအရထိုးစစ်ဆင်ဆင်လာမည်ဆိုလျှင် စုပေါင်းပြီး ခုခံကာ ကွယ်သွားမှာဖြစ်သလိုတဖက်တွင်လည်း  ပြည်တွင်းငြိမ်းချမ်းရေးအတွက်နိုင်ငံရေးနည်းလမ်းအရတွေ့ဆုံရန် ကမ်းလှမ်းလာလျှင် ဆွေးနွေးသွားရန်အဆင်သင့်ရှိကြောင်းနိုင်ဟံသာ ကပြောပါသည်။

အဖွဲ့အနေနှင့် ပြည်တွင်းစစ်ကြီးကျယ်ပြန့်သွားအောင်လုပ်ဆောင်ဖို့အစီအစဉ်မရှိသလို နိုင်ငံရေးနည်းလမ်း အရ တွေ့ဆုံဆွေးနွေးရန်အတွက်အတွက် အစိုးရအနေနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် ထိုး စစ် ဆင်မှုကို ရပ်တန့်ပေးရန်လိုအပ်ကြောင်း နိုင်ဟံသာကပြောသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအနေနှင့် ပြည်တွင်းစစ်ကိုနိုင်ငံရေးနည်းလမ်းဖြင့်
တွေ့ဆုံဆွေးနွေးအဖြေရှာချင်သော်လည်း စစ်အစိုးရအနေနှင့်စစ်ရေးအရဖြေရှင်းတိုက်ခိုက်လာမည်ဆိုလျှင် အချင်း ချင်း ပူးပေါင်းပြီးခုခံတော်လှန်သွားမည်ဟု ကျေညာချက်တွင်ထုတ်ပြန်ထားပါသည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons