ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၁ ခုနှစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အခြားအလုပ်ရုံများနည်းတူ လုပ်ခတိုးမရသဖြင့် ထိုင်း-မြန်မာနယ်စပ် ကန်ချနပူရီခရိုင်
စေတီစမ်အွန်းမြို့ရှိ WATANA Footwear Co., Ltd. ဖိနပ်ချုပ် အလုပ်ရုံမှ မြန်မာလုပ်သား ၄ဝဝ ခန့်သို့ ဆန္ဒပြမှု ကူးစက်ကာ တနင်္ဂနွေနေ့မှစ၍ ၄ ရက်တိုင် အလုပ်မဆင်းဘဲနေကြသည်။
တပတ်လုံး နားရက်မရှိသော အလုပ်ရုံတွင် တနေ့လုပ်ခ ၁၅ ဘတ် တိုးပေးရန်၊ တရက်အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးရန်နှင့် သောက်သုံးရေသန့်များ ရရှိရန် အလုပ်ရှင်ထံ အလုပ်မဆင်းဘဲ တောင်းဆိုဆန္ဒပြနေခြင်း
ဖြစ်သည်။
၎င်းတို့မှာ တရက်လုပ်ခ ၆၅ ဘတ်မှ ၁၄ဝ အထိ ရရှိကြပြီး၊ တရက် ၉ နာရီ အလုပ်ဆင်းရကာ ဘုရားသုံးဆူဒေသရှိ ထုံးဓာတ်လွန်ကဲသော တွင်းရေကိုသာ ကြိုချက်သောက်သုံးရသည်ဟု အလုပ်သမားဘက်က ဆိုသည်။
ဇွန်လ ၁၁ ရက်၊ တနင်္လာမွန်းလွဲပိုင်းတွင် အလုပ်ရှင်၊ မန်နေဂျာများနှင့် အလုပ်သမား ခေါင်းဆောင်များက အလုပ်ရုံတွင် ညှိနှိုင်းခဲ့ကြပြီး အလုပ်ရှင်ဘက်မှ တရက်လုပ်ခ ၈ဝ ဘတ်အောက် ရရှိသည့် အလုပ်သမားများကို ၈ဝ ဘတ် သတ်မှတ်ပေးကာ အလုပ်သမားခေါင်းဆောင်များကို ၂ဝ ဘတ် တိုးပေးမည်ဟု ပြောသော်လည်း အလုပ်သမား
ခေါင်းဆောင်များက လက်မခံခဲ့ပေ။
“ကျနော်တို့သက်သက်ကို တိုးပေးတာ ကျနော်တို့ လက်မခံဘူး၊ အလုပ်သမားအားလုံး တပြေးညီ ၁၅ ဘတ် တိုးပေးတာကိုပဲ ကျနော်တို့ လိုချင်တယ်” ဟု ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် တဦးဖြစ်သူ ကိုချမ်းအေးက မဇ္ဈိမကို ပြောသည်။
ညှိနှိုင်းမှု မပြေလည်သည့် အပြင် အလုပ်ရှင်က အလုပ်သမားများကို အကျပ်ကိုင်ခဲ့သေးသည်ဟု နောက်ထပ် အလုပ်သမားခေါင်းဆောင် ကိုဝင်းက ပြောသည်။
“ သူတို့က ၃ ရက်အတွင်း အလုပ်ဆင်းရင် ဆင်း၊ ၃ ရက်လွန်လို့မှ အလုပ်မဆင်းရင် အလုပ်သမား ခေါင်းဆောင်တွေပါ မကျန် တရက်လုပ်ခ ၈ဝ က အားလုံး ပြန်စရမယ်လို့ ကျနော်တို့ကို ပြောလွှတ်လိုက်သေးတယ်” ဟု သူက ဆိုသည်။
အလုပ်သမားဘက်ကလည်း ၃ ရက်အတွင်း လုပ်ခ တိုးမပေးပါက အလုပ်ရုံတိုင်းတွင် စာကပ်ကာ ဆက်လက် ဆန္ဒပြမည်ဟု ဆိုထားကြသည်။
ထိုင်းဘက်ကမ်း စေတီစမ်အွန်းရှိ အလုပ်ရုံများတွင် အလုပ်လုပ်နေသူများမှာ မြန်မာနိုင်ငံသားများသာ ဖြစ်ကြပြီး
နေ့စဉ် မြန်မာဘက်ခြမ်း ဘုရားသုံးဆူမှ ထိုင်းဘက်ခြမ်းသို့ ကူးကာ အလုပ်လုပ်ကြသည်။
အလုပ်သမားတဦးက “ကျနော်တို့ အမြဲတမ်း အနှိမ်ခံနေရတယ်။ ဘုရားသုံးဆူဘက်မှာ အလုပ်သမားတွေအတွက် မားမားမတ်မတ် ရပ်တည်ပေးမယ့် အဖွဲ့တဖွဲ့လောက် ရှိစေချင်တယ်” ဟု ပြောသည်။
စေတီစမ်အွန်းခေါ် ဘုရားသုံးဆူမြို့တွင် ဖိနပ်ချုပ်အလုပ်ရုံ ၄ ရုံ ရှိပြီး၊ မြန်မာလုပ်သား ၂၀၀၀ ကျော် လုပ်ကိုင်နေသည်။ တမြို့လုံးတွင် ဖိနပ်ချုပ်၊ အထည်ချုပ်နှင့် အခြားစက်ရုံများ၌ အလုပ်လုပ်သည့် မြန်မာ ၅ဝဝဝ ကျော် ရှိပြီး၊ အလုပ်ရုံပေါင်း ၄ဝ ကျော် ရှိသည်။
ဇူလိုင်လ ၇ ရက်နေ့တွင် လုပ်ခတိုးပေးရန် PTK Basani ဖိနပ်ချုပ် အလုပ်ရုံမှ အလုပ်သမားများ ၄ဝဝ ကျော် ဆန္ဒပြပြီးနောက် ၈ ရက်နေ့ ညှိနှိုင်းမှုအရ တရက် ၁၅ ဘတ် တိုးပေးခဲ့သည်။
စေတီစမ်အွန်းသည် မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် ကပ်လျက်ရှိကာ၊ ထိုင်းဘက်ခြမ်း ဘုရားသုံးဆူအဖြစ် မြန်မာများက အလွယ်ခေါ်ကြသည်။



6:07 PM
Posted in: 


